“ရုရှား၊ အမေရိကန်နှင့် ယူကရိန်း သုံးပွင့်ဆိုင် ဆွေးနွေးပွဲအသစ်တစ်ရပ် အဘူဒါဘီမြို့၌ စတင်ကျင်းပ”

11 Nov

ရုရှား၊ အမေရိကန်နှင့် ယူကရိန်း သုံးပွင့်ဆိုင် ဆွေးနွေးပွဲအသစ်တစ်ရပ်ကို နိုဝင်ဘာလ ၁၀ ရက်တွင် အာရပ် စော်ဘွားများပြည်ထောင်စု(UAE) မြို့တော် အဘူဒါဘီ၌ စတင်ကျင်းပခဲ့ပြီး ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးအရ ဖြေရှင်းရေးကိုမြှင့်တင်ရန် နည်းလမ်းများဆွေးနွေးခဲ့ကြသည်။ ယင်းသည် ယခုနှစ် ဖေဖော်ဝါရီလတွင် စေ့စပ်ညှိနှိုင်းမှုများ ရပ်တန့်သွားခဲ့ပြီးနောက် ၉ လအကြာတွင် သုံးနိုင်ငံ မျက်နှာချင်းဆိုင် ပြန်လည်ဆွေးနွေးခြင်းဖြစ်သည်။ ရုရှားကိုယ်စားလှယ်အဖွဲ့ကို ရုရှားသမ္မတလက်ထောက် Medinsky ဦးဆောင်ပြီး အဖွဲ့ဝင်များတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Sergei Ryabkov နှင့် Mikhail Galuzin၊ လက်နက်ကိုင်တပ်ဖွဲ့ စစ်ဌာနချုပ် ထောက်လှမ်းရေးအကြီးအကဲ Igor Kostyukov စသည့် ပုဂ္ဂိုလ်တို့ ပါဝင်သည်။ ယူကရိန်းကိုယ်စားလှယ်အဖွဲ့ဝင် များတွင် နိုင်ငံခြားထောက်လှမ်းရေးဌာန အကြီးအကဲ Rustem Umerov၊ သမ္မတရုံးအကြီးအကဲ Kyrylo Budanov၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ထောက်လှမ်းရေးဌာနချုပ်၏ ဒုတိယအကြီးအကဲ Vadym Skibitsky နှင့် Servant of the People ပါတီ၏ လွှတ်တော်ဥက္ကဋ္ဌ Arakhamia စသည့်ပုဂ္ဂိုလ်တို့ ပါဝင်သည်။ အမေရိကန်ကိုယ်စားလှယ်များတွင် အမေရိကန်သမ္မတ၏ အထူးကိုယ်စားလှယ် Steve Witkoff နှင့် သမ္မတ ထရမ့်၏သားမက် Jared Kushner တို့ ပါဝင်သည်။ UAE ကိုယ်စားလှယ်များလည်း အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ရုရှားမီဒီယာများ၏ ဖော်ပြချက်အရ Medinsky သည် ဆွေးနွေးပွဲ၌ ရုရှားဘာသာစကားဖြင့် အမှာစကား ပြောကြားရာတွင် အဘူဒါဘီဆွေးနွေးပွဲသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့ဆက်နိုင်ရန် တွန်းအားဖြစ်နိုင်ပြီး ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံပြည်သူများအတွက် အကျိုးရှိစေလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ Kushner က ရုရှား၊ ဥရောပနှင့် ယူကရိန်း တို့အကြား လုံခြုံရေးမူဘောင်အသစ်တစ်ရပ် တည်ထောင်နိုင်ရန် ဘက်အသီးသီးအနေဖြင့် အကျိုးရလဒ်ထွက်ပေါ်မည့် “ပွင့်လင်းသော ဆွေးနွေးမှု” ပြုလုပ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ Umerov က ထိုနေ့ ဆိုရှယ်မီဒီယာတွင် အဘူဒါဘီဆွေးနွေးပွဲကို အဆင့်နှစ်ဆင့်ခွဲ၍ ကျင်းပမည်ဖြစ်ကြောင်း၊ ပထမအဆင့်တွင် ယူကရိန်းသည် ၎င်း၏ရပ်တည်ချက်ကို ဦးစွာ ဥရောပ၊ အမေရိကန်တို့နှင့် ညှိနှိုင်းမည်ဖြစ်ပြီး ယင်းနောက် ယူကရိန်း၊ အမေရိကန်နှင့် ရုရှား သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း၊ ယူကရိန်း၏ အဓိကဦးစားပေးအချက်မှာ “ရန်လိုသောလှုပ်ရှားမှုများကို ရပ်ဆိုင်းရန်” ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် Russia Today ၏ နိုဝင်ဘာလ ၁၀ ရက် သတင်းဖော်ပြချက်အရ ရုရှား-အမေရိကန်-ယူကရိန်း သုံးပွင့်ဆိုင် ဆွေးနွေးပွဲကာလအတွင်း သက်ဆိုင်ရာနိုင်ငံများအနေဖြင့် စုပေါင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်ပြီး ဘက်စုံ၊ ထောင့်စုံ အဖြေတစ်ခုရရှိပြီး နောက်မှသာလျှင် အကာအကွယ်အာမခံချက်ပေးရေး အစီအမံများ အသက်ဝင်မည်ဖြစ်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က မော်စကိုတွင် ပြောကြားခဲ့ ကြောင်းသိရသည်။ တစ်ချိန်တည်းတွင် ၎င်းက ရုရှားအနေဖြင့် ထရမ့်အစိုးရအပေါ် “မျှော်လင့်ချက်ကြီးကြီး မထားရှိ” ကြောင်း၊ အမေရိကန်အနေဖြင့် ဆွေးနွေးမှုကို ဆက်လက်လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ချက်ရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)

11 Nov

ADVERTISE HERE .