“ကျူးဘားနိုင်ငံ၏ အနာဂတ်က အမေရိကန် ဆုံးဖြတ်ပေးရမည့်ကိစ္စ လုံးဝမဟုတ်ကြောင်း ကျူးဘားသမ္မတဆို”
11 Nov
ကျူးဘားနိုင်ငံ၏ အနာဂတ်သည် အမေရိကန်က ဆုံးဖြတ်ပေးရမည့်ကိစ္စ လုံးဝမဟုတ်ကြောင်း၊ အမေရိကန် က ကျူးဘားအားဖိနှိပ်ရန် ကြိုးပမ်းသည့်အစီအစဉ်မှာ မည်မျှပင်ယုတ်မာကောက်ကျစ်စေကာမူ အဆိုပါအချက်သည် ပြောင်းလဲသွားမည်မဟုတ်ကြောင်း ကျူးဘားနိုင်ငံသမ္မတ Miguel Diaz-Canel က နိုဝင်ဘာလ ၉ ရက်တွင် ပြောကြား ခဲ့သည်။ အမေရိကန်နိုင်ငံအနေဖြင့် ကျူးဘားနိုင်ငံအပေါ် လောင်စာပံ့ပိုးမှုများ ပိတ်ဆို့ထားခြင်း၊ ကျူးဘားနိုင်ငံ ဖွံ့ဖြိုး တိုးတက်မှုနှင့် ပြည်သူ့အကျိုးစီးပွား တိုးတက်ကောင်းမွန်မှုအတွက် အထောက်အကူပြုသော အရာမှန်သမျှအား ချိုးနှိမ်ထားခြင်း၊ မည်သည့်တာဝန်ယူမှု၊ တာဝန်ခံမှုမျှမရှိဘဲ ကျူးဘားနိုင်ငံပြည်သူများအား အုပ်စုလိုက်ဒဏ်ခတ်၊ ပိတ်ဆို့ထားခြင်းများမှာ အလွန်အမင်းဆိုးရွားကြောင်း Miguel Diaz-Canel က လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။ ဤလူမျိုးသုဉ်းသတ်ဖြတ်မှုလုပ်ရပ်သည် တရားမျှတသည်ဟု အမေရိကန်ပြည်သူနှင့် ကမ္ဘာပေါ်ရှိ အခြားသော နိုင်ငံမှ ပြည်သူများလက်ခံစေရန် သက်သေပြရန်အလို့ငှာ အမေရိကန်၏ လုပ်ကြံဖန်တီးထားသည့် မုသားစကားများ သည် ပို၍အဓိပ္ပာယ်မဲ့လာကြောင်း၊ သို့ဖြစ်ရာ အမေရိကန်အား ယုံကြည်သူ ပိုမိုနည်းပါးလာကြောင်း၊ ကျူးဘား နိုင်ငံအနေဖြင့် အဖြစ်မှန်နှင့် တရားမျှတမှုအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း Miguel Diaz-Canel က ထောက်ပြပြောကြားခဲ့သည်။ ထိုနေ့အစောပိုင်းတွင် အမေရိကန်သမ္မတ ထရမ့် က အိမ်ဖြူတော်၌ မီဒီယာများ၏မေးမြန်းမှုကို ဖြေကြားရာ၌ “ကျူးဘားနိုင်ငံက ဆုတ်ယုတ်နေတယ်၊ ကျရှုံးနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်” ဟုဆိုပြီး “ကျူးဘားနိုင်ငံ အစိုးရကလည်း မကြာခင် ပြိုလဲသွားတော့မှာပါ” ဟု ပြောကြားခဲ့သည်။ ထိုနေ့တွင်ပင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က အမေရိကန်အနေဖြင့် ကျူးဘားနိုင်ငံက ပိုမိုသာယာလှပသော အနာဂတ်ပိုင်ဆိုင်နိုင်ရန် အစွမ်းကုန် ကြိုးပမ်းကူညီပေးသွားမည်ဖြစ်ကြောင်း ပြင်သစ်နိုင်ငံ၌ G7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး မီဒီယာအားဖြေကြားစဉ် ပြောကြားခဲ့သည်။ အမေရိကန်က ကျူးဘားအပေါ် ကာလကြာရှည်စွာ စီးပွားရေး၊ ဘဏ္ဍာရေး ပိတ်ဆို့မှုများနှင့် ကုန်သွယ်ရေး အရ အရေးယူ၊ ဒဏ်ခတ်၊ တားမြစ်မှုများ လုပ်ဆောင်ခဲ့သည်။ ယခုနှစ်တွင် အမေရိကန်က ဗင်နီဇွဲလား၊ အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုများ ရှေ့ဆင့်နောက်ဆင့် လုပ်ဆောင်ခဲ့ပြီးနောက် ထရမ့် အနေဖြင့် “နောက်တစ်ခုက ကျူးဘားပဲ” ဟု အကြိမ်များစွာ ခြိမ်းခြောက်ပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)