“ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေး ၂ ရက်ကြာအစီအစဉ်မှာ ဆွေးနွေးနေဆဲဖြစ်ကြောင်း အီရန် ပြောကြား”

11 Nov

ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန်အတွက် အီရန်နိုင်ငံ၏ ၂ ရက်ကြာ အစီအစဉ်မှာ ဆွေးနွေးရန် စားပွဲဝိုင်းပေါ်တွင် ရှိနေဆဲဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘဂါအီ က နိုဝင်ဘာလ ၉ ရက်တွင် ပြောကြားခဲ့သည်။ “ညှိနှိုင်းဆွေးနွေးမှုများနဲ့ပတ်သက်လို့ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကတော့ လုံးဝရှင်းလင်းသလို ပွင့်လင်း မြင်သာမှုလည်းရှိပါတယ်။ အီရန်ရဲ့ ၂ ရက်ကြာ အစီအစဉ်ကလည်း နိုင်ငံရဲ့ အကောင်းမွန်ဆုံးစိတ်စေတနာကို ဖော်ပြ နေတာလည်းဖြစ်ပါတယ်” ဟု ဘဂါအီ က တီဟီရန်မြို့၌ပြုလုပ်သည့် အပတ်စဉ်သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။ ၎င်းက ဤအစီအစဉ်သည် လက်ရှိရွေးချယ်စရာများအနက် “ကျိုးကြောင်းအသင့်လျော်ဆုံး အဆိုပြုချက်” ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး၊ အကယ်၍ အမေရိကန်အနေဖြင့် အီရန်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးမည်ဆိုပါက အနောက်အာရှဒေသတွင် ၂ ရက်အတွင်း အပြုသဘောဆောင်သော အပြောင်းအလဲများ ဖြစ်ပေါ်လာမည်ဖြစ်ကာ လုံခြုံရေးအခြေအနေလည်း ပြန်လည်ကောင်းမွန်လာမည်ဖြစ်ကြောင်း အလေးပေးပြောဆို ခဲ့သည်။ ထို့ပြင် အမေရိကန်အနေဖြင့် ၎င်းတို့ပြည်သူများ၏ သတင်းစကားကို မှန်ကန်စွာ နားလည်သဘောပေါက် ထားပါက ယခုကိစ္စနှင့်ပတ်သက်၍ အမှန်တကယ် ဆုံးဖြတ်ချက်ချသင့်ကြောင်းလည်း ၎င်းက အလေးပေးပြောကြား ခဲ့သည်။ အီရန်နိုင်ငံသည် စစ်ရေးပဋိပက္ခများ ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန် ရည်ရွယ် သည့် ၇ ရက်ကြာ အစီအစဉ်တစ်ခုကို စက်တင်ဘာလအတွင်းက အမေရိကန်ထံ ပေးပို့ခဲ့သည်။ နောက်ပိုင်းတွင် အမေရိကန်အစိုးရအနေဖြင့် အီရန်၏သတ်မှတ်ချက်များကို ဖြည့်ဆည်းပေးမည်ဆိုပါက အဆိုပါအစီအစဉ်ကို အကောင်အထည်ဖော်မည့် ကာလကို ၂ ရက်အထိ လျှော့ချပေးရန်အဆင်သင့်ရှိကြောင်း အီရန်က ထုတ်ဖော် ပြောကြားခဲ့သည်။ ဖေဖော်ဝါရီလ ၂၈ ရက်တွင် အစ္စရေးနှင့် အမေရိကန်တို့သည် တီဟီရန်မြို့နှင့် အီရန်နိုင်ငံရှိ အခြားမြို့များ အပေါ် ပူးတွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။ အီရန်ဘက်ကလည်း အစ္စရေးနှင့် ဒေသတွင်းရှိ အမေရိကန် စစ်စခန်း များ၊ ပိုင်ဆိုင်မှုများကို ပစ်မှတ်ထားကာ ဒုံးကျည်များနှင့် ဒရုန်းများအသုံးပြု၍ တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ် တုံ့ပြန်ခဲ့ပြီး ဟော်မုဇ်ရေလက်ကြားအပေါ် ၎င်းတို့၏ ထိန်းချုပ်မှုကို ပိုမိုတင်းကျပ်လာစေခဲ့သည်။ ဧပြီလ ၈ ရက်တွင် တိုက်ခိုက်နေကြသည့် နှစ်ဖက်အဖွဲ့အစည်းများအကြား အပစ်အခတ်ရပ်စဲရေး ရရှိခဲ့သည်။ ဇွန်လ ၁၈ ရက်တွင် အီရန်နှင့် အမေရိကန်တို့သည် ဒေသတွင်းစစ်ပွဲကို မျက်နှာစာအားလုံးတွင် အဆုံးသတ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ နားလည်မှုစာချွန်လွှာအရ အီရန်၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ အပြီးသတ် သဘော တူညီချက်တစ်ရပ် ရရှိရန်နှင့် ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားပေးရန်အတွက် နှစ်နိုင်ငံစလုံးသည် သြဂုတ် ၁၇ ရက် နောက်ဆုံးထား၍ ရက်ပေါင်း ၆၀ အတွင်း ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ရန် စီစဉ်ထားခဲ့သည်။ သို့သော် တင်းမာမှုများ ဆက်လက်မြင့်တက်လာသည်နှင့်အမျှ သဘောတူညီချက်တစ်ခု ရရှိရေးအတွက် လုံလောက်သောတိုးတက်မှုမျိုး မရရှိခဲ့ပေ။ (Repost from Xinhua Myanmar)

11 Nov

ADVERTISE HERE .