“ယူကရိန်း ပဋိပက္ခကိုလျှော့ချရန် တရုတ်နိုင်ငံတိုက်တွန်း”
11 Nov
လက်ရှိဆွေးနွေးမှု အရှိန်အဟုန်မြှင့်တင်လျက် ယူကရိန်းပဋိပက္ခကိုလျှော့ချရန် သက်ဆိုင်ရာဘက်အသီးသီးကို ကုလသမဂ္ဂဆိုင်ရာ တရုတ်သံတမန်က နိုဝင်ဘာလ ၉ ရက်၌ တိုက်တွန်းပြောကြားလိုက်သည်။ ယူကရိန်းအရေးကိစ္စသည် ညှိနှိုင်းဆွေးနွေးမှုမှတစ်ဆင့် အဖြေရှာရန်အတွက် အရေးကြီးသည့် အချိန်ကာလ တစ်ခုသို့ ရောက်ရှိလာနေပြီး ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် ငြိမ်းချမ်းရေးရရှိမှုသို့ တက်လှမ်းကြရန် နိုင်ငံတကာ အသိုက်အဝန်း၏ တောင်းဆိုမှုများမှာလည်း အားကောင်းလာနေကြောင်း သိရကြောင်း၊ မကြာသေးမီက အဓိက သက်ဆိုင်သူများအကြား အဆက်အသွယ်ပြုမှုနှင့် အပြန်အလှန်ဆွေးနွေးမှုများ အများအပြားရှိခဲ့ပြီး အပြုသဘော ဆောင်သည့် အရိပ်လက္ခဏာအချို့ကိုလည်း တွေ့မြင်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်စေမည့် ကြိုးပမ်းမှုများကို ထောက်ခံကြောင်းနှင့် သက်ဆိုင်ရာနိုင်ငံများအနေဖြင့် အပြန်အလှန် လိုက်လျောညီထွေမှုရှိစွာ ဆောင်ရွက်ပြီး အပြုသဘောဆောင်သည့်အခြေအနေကို ဆက်လက်ထိန်းသိမ်းကာ အကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးကို ဆောင်ရွက်နိုင်ကြစေရန် မျှော်လင့်ပါကြောင်း ကုလ သမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် စွန်းလေ က ပြောကြားခဲ့သည်။ မကြာသေးမီက ရုရှားနှင့် ယူကရိန်းတို့သည် စစ်သုံ့ပန်းများကို ထပ်မံလဲလှယ်ခဲ့ကြပြီး ဒေသတချို့တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးတစ်ရပ်ကို သဘောတူညီခဲ့ကြသည်။ အဆိုပါ တိုးတက် ဖြစ်ပေါ်မှုတို့ကို အသိအမှတ်ပြုထိုက်ကြောင်း စွန်း က ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး၌ ပြောကြား ခဲ့သည်။ “ပဋိပက္ခတွင် ပါဝင်နေကြတဲ့ နိုင်ငံတွေအနေဖြင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဦးစားပေးကြဖို့၊ စိတ်တွေလျှော့ပြီး ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့နဲ့ အရပ်သားပြည်သူတွေ၊ အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက် အအုံတွေ၊ အထူးသဖြင့် အမျိုးသမီး၊ ကလေးသူငယ်တွေနဲ့ ပဋိပက္ခဒဏ်ခံစားနေရသူတွေကို ထိထိရောက်ရောက် ကာကွယ်ပေးကြဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ တစ်ချိန်တည်းမှာ ဒီပဋိပက္ခဒဏ် ခံစားနေရသူတွေအတွက် အခက်အခဲတွေ ကျော်လွှားနိုင်အောင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ပိုမိုတိုးမြှင့်ဆောင်ရွက်ဖို့ သင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ “သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့ လိုက်နာ ကျင့်သုံးရမယ့် နိုင်ငံတကာဥပဒေတွေကို တင်းတင်းကျပ်ကျပ် လိုက်နာကျင့်သုံးကြဖို့နဲ့ စစ်သုံ့ပန်းတွေ၊ ထိန်းသိမ်း ခံထားရသူတွေအတွက် အခြေခံနေထိုင်စားသောက်ရေး၊ ဆေးကုသမှုခံယူခွင့်နဲ့ လူ့ဂုဏ်သိက္ခာတွေကို ရရှိ၊ ထိန်းသိမ်း ပေးဖို့ အာမခံပေးဖို့လိုအပ်ပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ မကြာသေးမီက အဆိုပါအဖွဲ့များသည် ပဋိပက္ခအကျပ်အတည်းများကို နိုင်ငံရေးနည်းလမ်းဖြင့် မည်သို့ဖြေရှင်း နိုင်မည်နည်းနှင့်ပတ်သက်၍ မိမိတို့၏အမြင်များကို ထုတ်ဖော်ပြောကြားခဲ့ကြသည်။ နိုင်ငံတကာအသိုက်အဝန်း ကလည်း ငြိမ်းချမ်းရေးရရှိရေးနှင့် ဆွေးနွေးညှိနှိုင်းမှုများ ဖြစ်ပေါ်လာစေရေးအတွက် သံတမန်ရေးရာ ကြိုးပမ်း အားထုတ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသည်။ ရုရှား၊ ယူကရိန်းနှင့် အမေရိကန် သုံးနိုင်ငံ ပါဝင်သည့် ဆွေးနွေးပွဲတစ်ရပ်ကို ထပ်မံကျင်းပသွားမည် ဖြစ်သည်။ သက်ဆိုင်ရာနိုင်ငံများအနေဖြင့် နိုင်ငံရေးဆန္ဒကို ပြသကြရန်၊ အဆက်အသွယ်နှင့် ဆက်သွယ်ဆွေးနွေးမှု များကို ဆက်လက်ထိန်းသိမ်းထားကြရန်၊ သဘောတူညီမှုများကို တစ်ဆင့်ချင်းစီ တည်ဆောက်ကြရန်နှင့် ဘက်စုံ လွှမ်းခြုံနိုင်သော၊ ရေရှည်တည်တံ့ခိုင်မြဲပြီး စည်းနှောင်မှုရှိသော ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ် ရရှိရေး အတွက် အတူတကွ ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း စွန်း က ပြောကြားခဲ့သည်။ ယူကရိန်းအရေးကိစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ တစ်သမတ်တည်းရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးနှင့်ဆွေးနွေးညှိနှိုင်းမှုများကို မြှင့်တင်ဆောင်ရွက်ခြင်းနှင့် နိုင်ငံရေးနည်းလမ်းဖြင့်အဖြေရှာခြင်းတို့ကို တိုးမြှင့်လုပ်ဆောင်သွားရန် အစဉ်တစိုက် သန္နိဋ္ဌာန်ချထားကြောင်း ၎င်းက ဆိုသည်။ တရုတ်နိုင်ငံသည် ရုရှား၊ ယူကရိန်းနှင့် သက်ဆိုင်ရာ အခြားအဖွဲ့အစည်းများနှင့် အနီးကပ်ဆက်သွယ် ဆွေးနွေး မှုများ ပြုလုပ်ခဲ့သည့်အပြင် ကြားဝင်ညှိနှိုင်းရေးအတွက် အပြန်အလှန် သံတမန်ရေးခရီးစဉ်များကိုလည်း တက်ကြွစွာ ဆောင်ရွက်ခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရန် အခြေအနေကောင်းများ ဖန်တီးပေးခြင်းနှင့် ငြိမ်းချမ်းရေးအတွက် ဘုံသဘောတူညီချက်များ ရရှိရေးတို့ကိုလည်း မနားမနေကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ ပူးပေါင်းကာ အပစ်အခတ်ရပ်စဲရေး အမြန်ဆုံး ရရှိရန်၊ ရန်လိုတိုက်ခိုက်မှုများ ရပ်တန့်ရန်နှင့် ဒေသတွင်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အမြန်ဆုံးရရှိစေရန်အတွက် မဆုတ်မနစ် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်းလည်း စွန်း က ပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)