“ပို့ကုန်ရငွေ နိုင်ငံခြားငွေစာရင်းမှာ ထားရှိခွင့်ကာလ ၃၀ ရက်မှ ၄၅ ရက်အထိ တိုးမြှင့်ခွင့်ပြု”
10 Nov
ပို့ကုန်တင်ပို့သူများအနေနဲ့ ပို့ကုန်ရငွေမှ ကိုယ်တိုင်သုံးစွဲနိုင်တဲ့ နိုင်ငံခြားငွေပမာဏကို မိမိတို့၏ နိုင်ငံခြားငွေ ဘဏ်စာရင်းမှာ ထားရှိနိုင်တဲ့ကာလကို ယခင် ရက် ၃၀ မှ ၄၅ ရက်အထိ တိုးမြှင့်ခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ ပို့ကုန်တင်ပို့သူများအနေနဲ့ ပို့ကုန်တင်ပို့ပြီးနောက် သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေများကို နိုင်ငံခြားငွေဖြင့် မိမိတို့၏ ဘဏ်စာရင်းသို့ ဝင်ရောက်ရမည်ဖြစ်ပြီး ယင်းနှင့် ပတ်သက်၍ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၈-ခ မှာ ပြဋ္ဌာန်းထားရှိပါတယ်။ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၆ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ဗဟိုဘဏ်၏ စာအမှတ် အက်ဖ်အီး-၁/ပက/၁၉၅၆ အရ ပို့ကုန်ရငွေများကို ပုဂ္ဂလိက နိုင်ငံခြားငွေစာရင်းမှာ ရက် ၃၀ အထိ ထားရှိခွင့်ပြုထားခဲ့ခြင်းဖြစ်ပါတယ်။ ထိုသို့ ထားရှိခွင့်ကာလကို ၁၅ ရက် ထပ်မံတိုးမြှင့်ပေးခြင်းမှာ ပို့ကုန်လုပ်ငန်းရှင်များအနေနဲ့ သွင်းကုန်လိုင်စင်လျှောက်ထား ခြင်းနှင့် ပြည်ပသို့ ငွေပေးချေခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အချိန်ပိုမိုရရှိစေရန်၊ ပို့ကုန်နှင့် သွင်းကုန်လုပ်ငန်း များအတွက် နိုင်ငံခြားငွေ လည်ပတ်မှု ပိုမိုအဆင်ပြေချောမွေ့စေရန်နှင့် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ အဆိုပါ ပြောင်းလဲသတ်မှတ်ချက်အရ ပို့ကုန်လုပ်ငန်းရှင်များအနေနဲ့ ပို့ကုန်ရငွေမှ ကိုယ်တိုင်သုံးစွဲနိုင်တဲ့ ပမာဏကို မိမိတို့၏ နိုင်ငံခြားငွေဘဏ်စာရင်းမှာ ရက် ၄၅ ရက်အထိ ထားရှိနိုင်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)