“နောက်ကျသွင်းဂိုးတွေနဲ့ သရေ တစ်မှတ်ရယူခဲ့တဲ့ မန်ယူအသင်း”
09 Nov
ယခုတစ်ပတ် ပရီးမီးယားလိဂ်ပြိုင်ပွဲပွဲစဉ် ၁၀ ရဲ့ နောက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်ယူအသင်းနှင့် အက်စတွန်ဗီလာအသင်း တို့ပွဲစဉ်မှာ တစ်ဖက် ၄ ဂိုးစီနဲ့ သရေရလဒ်ဖြစ်ပေါ်ခဲ့ပါတယ်။ လက်ရှိရာသီမှာ ရလဒ်များဆိုးရွားနေတဲ့ မန်ယူအသင်းက အိမ်ကွင်း အိုးထရက်စ်ဖို့ဒ်မှာ အက်စတွန်ဗီလာ အသင်းကို ဧည့်ခံကစားခဲ့ရပါတယ်။ အဆိုပါပွဲစဉ်ရဲ့ ပွဲချိန် ၂ မိနစ်နှင့် ၄ မိနစ်မှာ မန်ယူအသင်း နောက်ခံကစားသမား များရဲ့ အမှားများမှတစ်ဆင့် အက်စတွန်ဗီလာ က ဦးဆောင်ဂိုးနှစ်ဂိုးရရှိခဲ့ပါတယ်။ ပွဲချိန် ၁၆ မိနစ်မှာ ပင်နယ်တီ နှင့် ပထမပိုင်းပွဲပြီးခါနီး ၄၄ မိနစ်တို့မှာ မန်ယူအသင်းက ချေပဂိုးနှစ်ဂိုးပြန်လည်ရရှိခဲ့တာကြောင့် တစ်ဖက် ၂ ဂိုးစီနဲ့ သရေရလဒ် ဖြစ်ပေါ်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်စစချင်း ၄၈ မိနစ်မှာ ပင်နယ်တီနှင့် ပွဲချိန် ၅၃ မိနစ်တို့မှာ အက်စတွန်ဗီလာအသင်းက ဦးဆောင်ဂိုးများပြန်လည်ရယူနိုင်ခဲ့ပါတယ်။ အခုသွင်းဂိုးတွေကလည်း မန်ယူအသင်းကစားသမားများရဲ့ မလိုအပ်တဲ့ အမှားများကနေတစ်ဆင့် ပေးလိုက်ရတာဖြစ်ပါတယ်။ ဒါကြောင့် အက်စတွန်ဗီလာအသင်းက ၄ ဂိုး ၂ ဂိုး ဆိုတဲ့ ရလဒ်နဲ့ အိမ်ရှင် မန်ယူအသင်းကို မိနစ် ၉၀ အထိ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မန်ယူအသင်းနည်းပြ ကာရစ် ရဲ့ လူစားလဲလှယ်မှုအပြီး ပွဲချိန် ၉၂ မိနစ်မှာ လူစားဝင်လာခဲ့တဲ့ ဇက်ဇီး နှင့် ပွဲချိန် ၉၆ မိနစ်မှာ ဒိုဂူ တို့က ရမှတ် တစ်မှတ် ရရှိစေမယ့် အဖိုးတန် ချေပဂိုးများကို သွင်းယူပေးခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ပွဲချိန်ကုန်ဆုံး၍ နာကျင်အချိန်ပို ၆ မိနစ် ပေးခဲ့တာဖြစ်ပြီး နာကျင်အချိန်ပိုရောက်မှ မန်ယူအသင်းက ရမှတ် ၁ မှတ် ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းက ပရီးမီးယားလိဂ် ၁၀ ပွဲမှာ ၁ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၄ ပွဲရှုံး၊ ရမှတ် ၈ မှတ်ရရှိကာ အဆင့် (၁၈) တန်းဆင်းဇုံမှာ ရောက်ရှိနေတယ်။ (NVS 008)