“လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် နိုင်ငံသားလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့် ဆောင်ရွက်လာစေရန် အလုပ်ရုံဆွေးနွေးပွဲကျင်းပ”
09 Nov
လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် နိုင်ငံသားလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုကို အထူးအလေးထား၍ အားပေး လျက်ရှိသည်နှင့်အညီ နိုင်ငံသားလုပ်ငန်းရှင်များကို ရေရှည်တွင် နိုင်ငံတကာစွမ်းအင်ကုမ္ပဏီကြီးများ၊ အဖွဲ့အစည်း ကြီးများအဆင့်သို့ တက်လှမ်းနိုင်စေရေး ရည်ရွယ်ချက်ဖြင့် ရင်းနှီးမြှုပ်နှံနိုင်မည့်အခွင့်အလမ်းများ၊ နိုင်ငံတော်အစိုးရ အနေဖြင့် အားပေးကူညီသည့် အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာလ ၇ ရက် နံနက်ပိုင်းမှာ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ Park Royal Hotel ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။ ဆွေးနွေးပွဲတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် က ပြည်တွင်းလုပ်ငန်းရှင် များအနေဖြင့် အသေးစားရေအားလျှပ်စစ် စီမံကိန်းများ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစီမံကိန်းများ၊ လေအားလျှပ်စစ် စီမံကိန်းများ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစီမံကိန်းများ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံပြုပြင်ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ ကုန်းတွင်းရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ရေတိမ်ပိုင်း ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ခြင်းလုပ်ငန်းများ၊ မဟာဓာတ်အားလိုင်းတည်ဆောက် သွယ်တန်းခြင်းလုပ်ငန်းများ၊ ပင်မဓာတ်အားခွဲရုံများတည်ဆောက်ခြင်း လုပ်ငန်း များ၊ အမိုးတင်ဆိုလာလုပ်ငန်းများ၊ ရေပေါ်ဆိုလာ ဓာတ်အားပေးစက်ရုံများ၊ ရေစုပ်တင် သိုလှောင်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများ စသည့် အလုပ်အကိုင်အခွင့်အလမ်းများတွင် ရင်းနှီးမြှုပ်နှံသွားစေလိုကြောင်း၊ လျှပ်စစ်ကဏ္ဍ တွင် နိုင်ငံချင်းချိတ်ဆက်သည်အထိ ရည်မှန်းထားပြီး စွမ်းအင်ကဏ္ဍအတွက် Energy Trading အထိ ရည်မှန်း ဆောင်ရွက်လျက်ရှိကြောင်း၊ အနာဂတ်မြန်မာနိုင်ငံတော်တွင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ လုံခြုံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် ဆွေးနွေးပွဲတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများက လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံနိုင်သည့် အခွင့်အလမ်း များကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အတွင်းရေးမှူး၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနကြီး တို့မှ တာဝန်ရှိသူများ၊ လျှပ်စစ်/စွမ်းအင်ကဏ္ဍနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော ပြည်တွင်းကုမ္ပဏီ များမှ တာဝန်ရှိသူများနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ (NVS 008)