“နိုင်ငံတော်သမ္မတနှင့်ဇနီး မြန်မာ့ရိုးရာပွဲဈေး သို့သွားရောက်ကြည့်ရှုအားပေး”
09 Nov
ပြည်ထောင်သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့က နိုဝင်ဘာလ ၈ ရက် ရန်ကုန်မြို့ ရန်ကုန်ကွန်းဗင်းရှင်းစင်တာ(YCC)မှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ့ရိုးရာပွဲဈေးသို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ပါတယ်။ အခမ်းအနားတွင် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့က မြန်မာ့ရိုးရာအမွေအနှစ်များကို လက်ဆင့်ကမ်း ထိန်းသိမ်း စောင့်ရှောက်ခြင်းအား ဖော်ညွှန်းကာ သီဆိုကပြဖျော်ဖြေလျက်ရှိတဲ့ ရိုးရာအကအလှများ၊ တေးသရုပ်ဖော်အကများ၊ မြန်မာ့ရိုးရာရုပ်သေးကြိုးဆွဲအက၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဖော်ညွှန်းတဲ့ အကအလှများကို ကြည့်ရှု အားပေးခဲ့ပါတယ်။ ဆက်လက်ပြီး ပွဲဈေးအတွင်းခင်းကျင်းပြသထားတဲ့ မြန်မာ့ရိုးရာအစားအစာပြခန်း၊ ရိုးရာအဝတ်အထည်ပြခန်း၊ ဒေသထွက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများက သိရှိလိုသည်များကို ရှင်းလင်းဖြေကြားပေးခဲ့ကြပါတယ်။ အဆိုပါမြန်မာ့ရိုးရာပွဲဈေးမှာ မြန်မာ့ရိုးရာ အစားအစာနှင့် ဒေသထွက်ကုန်များကို ပြခန်းပေါင်း ၁၅၅ ခန်းဖြင့် ခင်းကျင်းပြသထားပြီး မြန်မာရိုးရာဇာတ်သဘင်နှင့် ခေတ်ပေါ်တေးဂီတဖျော်ဖြေပွဲများ၊ တိုင်းရင်းသားပဒေသအက များအပြင် မြန်မာ့ရိုးရာစကားဝိုင်းများကိုပါ ထည့်သွင်းကျင်းပပြုလုပ်လျက်ရှိပါတယ်။ (NVS 008)