“မွေးကင်းစကလေးများတွင် ဗီတာမင် K ဆေးထိုးမှု ငြင်းဆန်ခြင်းကြောင့် သေဆုံးမှုများလာ”

09 Nov

အမေရိကန်နိုင်ငံတွင် မွေးကင်းစကလေးများကို ပုံမှန်ထိုးပေးနေတဲ့ ဗီတာမင် K ထိုးဆေးကို မိဘများက ထိုးနှံလိုမှုမရှိခြင်းကြောင့် အဆိုပါကလေးများတွင် ပြင်းထန်သွေးယိုစိမ့်မှုနှင့် သေဆုံးနိုင်ခြေပါ မြင့်တက်လာ နေကြောင်း သုတေသနအသစ်တစ်ခုက ဖော်ပြထားသည်။ အမေရိကန်ဆေးပညာအသင်းဂျာနယ်(JAMA)မှ ထုတ်ဝေခဲ့သည့် သုတေသနအရ ဗီတာမင် K မထိုးသည့် မွေးကင်းစကလေးအချိုးသည် ၂၀၁၇ ခုနှစ်မှာ ၃ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ပေမယ့် ၂၀၂၅ ခုနှစ်မှာ ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။ သုတေသီများက အမေရိကန် ပြည်နယ် ၅၀ စလုံးမှ မွေးကင်းစကလေး ၅၂ သိန်းကို လေ့လာခဲ့ခြင်း ဖြစ်သည်။ ဗီတာမင် K သည် သွေးအတွက်အရေးပါသည့် ဗီတာမင်တစ်မျိုးဖြစ်ပြီး မွေးကင်းစကလေးများတွင် အဆိုပါ ဗီတာမင်ဓာတ် နည်းပါးတတ်တာကြောင့် ဗီတာမင် K မထိုးထားပါက ဦးနှောက်နှင့်အစာခြေလမ်းကြောင်းအတွင်း သွေးယိုစိမ့်မှုတွေ ဖြစ်ပွားနိုင်သည်။ ဗီတာမင် K မထိုးထားသည့် ကလေး ၁၁၄ ဦးထဲမှ တစ်ဦးသည် အသက် ခြောက်လမပြည့်မီ သွေးယိုစိမ့်မှုဖြစ်ပွားနိုင်ကြောင်း တွေ့ရှိရသည်။ မွေးဖွားပြီး ဆေးရုံတက်ရောက်ကုသစဉ် သွေးယိုစိမ့်မှုနှင့်အတူ သေဆုံးနိုင်ခြေသည်လည်း ထိုးဆေးရရှိထားသည့် ကလေးများထက် နှစ်ဆကျော် ပိုများနေ သည်။ အချို့မိဘများသည် ဆေးထိုးခြင်းကြောင့် နာကျင်မှု၊ ဓာတ်မတည့်မှုနှင့် ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်တယ် ဆိုတဲ့ စိုးရိမ်မှုများကြောင့် ငြင်းပယ်နေကြခြင်းဖြစ်ကြောင်း ST သတင်းဌာနဖော်ပြချက်အရ သိရသည်။

09 Nov

ADVERTISE HERE .