“ONE Friday Fights 178 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ ကျော်စွာဝင်း ပြိုင်ဘက်အပြောင်းအလဲဖြစ်ခဲ့ပြီး ရော့လက်ပက် နှင့်ထိုးသတ်ရမည်”
08 Nov
ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ နိုဝင်ဘာလ ၁၁ ရက်တွင်ကျင်းပမည့် ONE Friday Fights 178 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ ကျော်စွာဝင်း က ပြိုင်ဘက်အပြောင်းအလဲရှိခဲ့ပြီး ထိုင်းဖိုက်တာ ဆာမင်ဒမ် အစား အခြားထိုင်းဖိုက်တာ တစ်ဦးဖြစ်သည့် ရော့လက်ပက် နှင့် ထိုးသတ်ရမည်ဟု ONE Championship အဖွဲ့ချုပ်က နိုဝင်ဘာလ ၆ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။ ONE Championship အဖွဲ့ချုပ်က အစောပိုင်းမှာ ကျော်စွာဝင်း ကို ဆာမင်ဒမ် နှင့်ထိုးသတ်ရန် စီစဉ် ထားသော်လည်း ပြိုင်ဘက်အပြောင်းအလဲလုပ်ဆောင်ခဲ့ပြီး ဆာမင်ဒမ် ရဲ့နေရာမှာ ရော့လက်ပက် နှင့် ထိုးသတ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဆာမင်ဒမ် နှင့် ကျော်စွာဝင်းတို့က ပြီးခဲ့တဲ့မတ်လမှာ ထိုးသတ်ခဲ့ရာ အငြင်းပွားဖွယ်ဆုံးဖြတ်ချက်များဖြင့် ကျော်စွာဝင်း က ရှုံးနိမ့်ခဲ့တဲ့အတွက် ပရိသတ်များက ကျော်စွာဝင်း နှင့် ဆာမင်ဒမ် တို့ကို မကျေပွဲစဉ်အဖြစ် စီစဉ်ပေးရန် တောင်းဆိုခဲ့ပြီးနောက် အဖွဲ့ချုပ်က ONE Friday Fights 178 ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပရန် စီစဉ်ခဲ့သော်လည်း ယခုအခါ ပြိုင်ဘက်အပြောင်းအလဲဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်။ ONE Friday Fights 178 တွင် ကျော်စွာဝင်း တွဲဆိုင်းအပြင် မြန်မာဖိုက်တာတစ်ဦးဖြစ်သည့် ဟာလင်းအုမ်း (အောက်ချင်းလေး) တွဲဆိုင်းလည်း ပါဝင်မည်ဖြစ်ပြီး ပြိုင်ဘက်ထိုင်းဖိုက်တာ ဘန်လူး နှင့် ထိုးသတ်ရမှာဖြစ်ပါတယ်။(NVS 008)