“အာရှဖလားယူ-၁၇ ပြိုင်ပွဲခြေစစ်ပွဲ ပွဲစဉ်ငါးပွဲကို ပဒေသာကွင်းမှ သုဝဏ္ဏကွင်းသို့ ပြောင်းရွှေ့ကျင်းပမည်”
08 Nov
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် အာရှဖလား ယူ-၁၇ ပြိုင်ပွဲ ခြေစစ်ပွဲ ပွဲစဉ်များမှ မြန်မာအသင်းအပါအဝင် အုပ်စု(A)ပွဲစဉ် ငါးပွဲကို လက်ရှိရာသီဥတုအခြေအနေအရ မူလစီစဉ် ထားသည့် ပဒေသာအားကစားကွင်းမှ သုဝဏ္ဏအားကစားကွင်းသို့ ပြောင်းရွှေ့ကျင်းပမည်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိရာသီဥတု အခြေအနေအရ ပွဲကစားချိန်အတွင်း ရာသီဥတုကြောင့် ရပ်ဆိုင်းရခြင်းရှိပါက သုဝဏ္ဏ အားကစားကွင်းက ပွဲကစားမှုကိ အမြန်ဆုံးပြန်လည်စတင်နိုင်ခြင်း၊ မီးစင်များအသုံးပြုနိုင်ခြင်း၊ ရုပ်သံထုတ်လွှင့်မှုများ ဆက်လက်ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ကွင်းပြောင်းရွှေ့ကျင်းပရန် မြန်မာဘောလုံးချုပ်က အာရှဘောလုံးအဖွဲ့ချုပ် ထံ တင်ပြခဲ့ရာ ခွင့်ပြုချက်ရရှိခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာအသင်းအနေနဲ့ အာရှဖလား ယူ-၁၇ ပြိုင်ပွဲ ခြေစစ်ပွဲတွင် အုပ်စု(A)၌ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အာဖဂန် နစ္စတန်၊ ကမ္ဘောဒီးယားအသင်းတို့နှင့် ကျရောက်နေပြီး နိုဝင်ဘာလ ၈ ရက်တွင် အာဖဂန်နစ္စတန်အသင်းနှင့် စတင်ကစားရမှာဖြစ်ပါတယ်။(NVS 008)