“အထူးကုဆေးရုံသစ်ကြီး-ရန်ကုန်ကို ကုသရေးလုပ်ငန်း၊ ဆေးပညာသင်ကြားရေးလုပ်ငန်းနှင့် သုတေသန လုပ်ငန်းများပါဝင်သည့် အထူးကုဆေးရုံသစ်ကြီးအဖြစ် ရည်ရွယ်ဆောင်ရွက်လျက်ရှိ”

08 Nov

ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ ခုတင်-၃၀၀ ဆံ့ အထူးကုဆေးရုံသစ်ကြီးတွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးရှိ နှလုံးဆေးကုဌာန၊ နှလုံးနှင့်သွေးကြော ခွဲစိတ်ကုဌာန၊ ဦးနှောက်နှင့် အာရုံကြောဆေးကုဌာန၊ ဦးနှောက် နှင့်အာရုံကြော ခွဲစိတ်ကုဌာနများအား အဆင့်မြင့်ကုသမှုဌာနများ အဖြစ်ပြောင်းလဲဖွင့်လှစ်ရန်လျာထားပြီး ကုသရေး လုပ်ငန်း၊ ဆေးပညာသင်ကြားရေးလုပ်ငန်းနှင့် သုတေသနလုပ်ငန်းများပါဝင်သည့်အထူးကု ဆေးရုံသစ်ကြီးအဖြစ် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ အဆိုပါ ဆေးရုံသစ်ကြီး တည်ဆောက်ရေးလုပ်ငန်းခွင်ရှိ ဓာတ်မှန်ဌာန၊ ခွဲစိတ်ခန်းများ၊ အထူးကြပ်မတ်ကုသ ဆောင်နှင့် အတွင်းလူနာခန်းများ ဆောက်လုပ်ပြီးစီးမှုအခြေအနေကို နိုဝင်ဘာလ ၇ ရက် နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း က တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရပါတယ်။ ပြည်ထောင်စုဝန်ကြီးက ကြည့်ရှုစစ်ဆေးစဉ် ဆေးရုံအင်္ဂါရပ်နှင့်အညီ ဖွဲ့စည်းပုံညီညွတ်မှုရှိစေရန်၊ ငလျင်ဒဏ် အပါအဝင် ဘေးအန္တရာယ်များ ကြိုတင်အရေးပေါ်အခြေအနေနှင့် သဘာဝကာကွယ်ရေးအစီအမံများ ဦးစားပေး ထည့်သွင်းဆောင်ရွက်ရန် မှာကြားခဲ့ကာ ဆက်လက်ပြီး အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)ရန်ကုန်၊ ခြောက်ထပ်ဆောင် ရှိ ဓာတ်မှန်ဌာနတွင် ကွန်ပျူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန်နှင့် သွေးကြောဓာတ်မှန်ရိုက်ကူးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အသည်း၊ သည်းခြေလမ်းကြောင်းနှင့် ပန်ကရိယခွဲစိတ်ကုပညာဌာနတွင် ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသည့် အတွင်းလူနာများကို ကြည့်ရှုအားပေးခဲ့ပါတယ်။ ဆက်လက်ပြီး ဆေးရုံအုပ်ကြီး၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများ၊ အထူးကု ဆရာဝန်ကြီးများ၊ သူနာပြုများ၊ အခြားကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပြီး လူနာများကို ဆေးကုသ ရာတွင် စောင့်ထိန်းရမည့်ကျင့်ဝတ်များနှင့်အညီ ကောင်းမွန်သောစိတ်ထားဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးရန်နှင့် အသိပညာ အတတ်ပညာများကို မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်း သင်ကြားပေးရန်မှာကြားခဲ့ကြောင်း သိရပါတယ်။(NVS 004)

08 Nov

ADVERTISE HERE .