“ဒုတိယသမ္မတ ဦးညိုစော နေပြည်တော်အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ပြီးစီးမှုနှင့် ဝန်ထမ်းအိမ်ရာသစ်များ ဆောက်လုပ်ပြီးစီးမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး”

08 Nov

ဒုတိယသမ္မတ ဦးညိုစော သည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ ၇ ရက် နံနက်ပိုင်းတွင် နေပြည်တော် အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ပြီးစီးမှု၊ ဝန်ထမ်းအိမ်ရာ သစ်များ ဆောက်လုပ်ပြီးစီးမှုနှင့် ဆောက်လုပ်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ ဒုတိယသမ္မတက နေပြည်တော် သုခသိဒ္ဓိရပ်ကွက် အကွက်အမှတ်(၈-က)ရှိ စီမံကိန်းရှင်းလင်းဆောင်၌ ဝန်ထမ်းအိမ်ရာသစ်များ ဆောက်လုပ်ရေးနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး နေပြည်တော်ရှိ နိုင်ငံ့ဝန်ထမ်းများအနေနဲ့ မန္တလေး ငလျင်ကြီးဒဏ် စတင်ခံစားရသည့်အချိန်က နိုင်ငံ့ဝန်ထမ်းအိမ်ရာများ ပျက်စီးဆုံးရှုံးမှုများကြောင့် နေထိုင်ရေးအတွက် များစွာခက်ခဲခဲ့ကြောင်း၊ နိုင်ငံတော်သမ္မတက နိုင်ငံ့ဝန်ထမ်းများနေထိုင်ရေးအတွက် အဆောက်အဦများကို အသစ် ဆောက်လုပ်ခြင်း၊ ပြုပြင်မွမ်းမံခြင်းစသည်တို့ကို မူလကထက် ပိုမိုပြည့်စုံကောင်းမွန်အောင် စီစဉ်ဆောင်ရွက်ပေးရန် နှင့် အချိန်မီပြီးစီးအောင် လမ်းညွှန်မှာကြားထားရှိကြောင်း၊ အသစ်တည်ဆောက်သည့် ဝန်ထမ်းအိမ်ရာများနှင့် ပြန်လည်ပြုပြင်မည့် ဝန်ထမ်းအိမ်ရာများအားလုံးကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်ဝစွာဖြင့် အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားခဲ့ပါတယ်။ ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်နှင့် နေပြည်တော် ကောင်စီဝင် ဦးခင်မောင်လတ် တို့က မန္တလေးငလျင်ကြီးဒဏ်ကြောင့် နေပြည်တော်ကောင်စီ၊ ခရိုင်နှင့် မြို့နယ်အလိုက် နိုင်ငံပိုင်ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦများ ထိခိုက်ပျက်စီးခဲ့မှု အခြေအနေများ၊ ပြန်လည်ပြုပြင် ပြီးစီးမှု၊ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ပြန်လည်အပ်နှံနိုင်မှု၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန်ရှိမှု အခြေအနေ များ၊ အလုံးစုံပြိုကျပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာများအစား အကွက်အမှတ်အလိုက် လေးခန်းတွဲလေးထပ် ဝန်ထမ်းအိမ်ရာသစ်များ တည်ဆောက်ပြီးစီးမှု၊ တည်ဆောက်ဆဲလုပ်ငန်းများနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးမည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ ဒုတိယသမ္မတက တင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ အကွက်အမှတ်(၈-က)ရှိ လေးခန်းတွဲလေးထပ် အမှုထမ်းအိမ်ရာများ ဆောက်လုပ်ပြီးစီးမှု၊ အခန်းဖွဲ့စည်းမှုနှင့် တိုက်အလိုက် ရေစုကန်နှင့် ရေမော်တာများ တပ်ဆင်ထားရှိမှုအခြေအနေများ၊ အကွက်အမှတ်(၃) ရှိ လေးခန်းတွဲလေးထပ် အရာထမ်းအိမ်ရာ ဆောက်လုပ်ပြီးစီးမှုနှင့် အခန်းဖွဲ့စည်းမှုအခြေအနေများ၊ ငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဓနသိဒ္ဓိရပ်ကွက်ရှိ ခြောက်ခန်းတွဲလေးထပ် ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေများနှင့် သက်ဆိုင်ရာဌာနမှဝန်ထမ်းများ ပြန်လည်နေထိုင်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဖြည့်စွက်ဆောင်ရွက်ပေးရန် လိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရပါတယ်။ (NVS 004)

08 Nov

ADVERTISE HERE .