“နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အင်းစိန်မြို့နယ်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ ရန်ကုန်နည်းပညာတက္ကသိုလ်(YTU)အတွင်း ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး”
08 Nov
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ ၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ ရန်ကုန်နည်းပညာတက္ကသိုလ်(YTU)အတွင်း ဆောင်ရွက်ထားရှိမှုများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရပါတယ်။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် က ရန်ကုန်နည်းပညာ တက္ကသိုလ်၏ အဆောက်အဦများ တည်ဆောက်ထားရှိမှု၊ စာသင်ဆောင်၊ အိပ်ဆောင်၊ အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦများ၊ အားကစားကွင်းနှင့် ဝန်ထမ်းအိမ်ရာများ တည်ဆောက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါတယ်။ နိုင်ငံတော်သမ္မတက ရန်ကုန်နည်းပညာတက္ကသိုလ် ပုံစံငယ်အား ကြည့်ရှုစစ်ဆေးပြီးနောက် အားကစား ကွင်းများ အဆင့်မြှင့်တင်ခြင်းဆောင်ရွက်ရာတွင် ဝင်ထွက်လမ်းများ စနစ်တကျဖြစ်စေရေးနှင့် ကျောင်းသား၊ကျောင်းသူ များ ကိုယ်လက်လှုပ်ရှားအားကစားခြင်းများ ဆောင်ရွက်နိုင်ရန်နှင့် အားကစားပွဲများကို ပုံစံတကျကျင်းပပြုလုပ်နိုင်ရေး ဆောင်ရွက်သွားရန်၊ RC အဆောက်အဦ တည်ဆောက်ရာတွင် ကျောင်းသား၊ ကျောင်းသူများ သွားလာမှုလွယ်ကူသည့် နေရာကို ရွေးချယ်၍ တွက်ချက်တည်ဆောက်ရန်၊ ခေတ်နှင့်လျော်ညီသည့် အဆောက်အဦပုံစံဖြစ်စေရေး စနစ်တကျ ဒီဇိုင်းကြိုတင်ရေးဆွဲ တည်ဆောက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါတယ်။ ထို့နောက် Myanmar Japan Technological Development Centre - 1 အတွင်းရှိ ဓာတ်ခွဲခန်းများအတွင်း စမ်းသပ်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်နိုင်မှု၊ RC အဆောက်အဦတည်ဆောက်ရန် လျာထားမြေနေရာနှင့် Myanmar Japan Technological Development Centre - 2 အတွင်းရှိ သစ်သား၊ သံ၊ သတ္တု၊ ကွန်ကရစ်၊ မြေသား စသည့် ဒြပ်ထုများ၏ခံနိုင်ရည် စမ်းသပ်ခန်းများအတွင်း လက်တွေ့ဆောင်ရွက်နိုင်မှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုများအပေါ် သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါတယ်။ ဆက်လက်ပြီး တက္ကသိုလ်အားကစားကွင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အားကစားကွင်း အဆင့်မြှင့်တင်နိုင်ရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရပါတယ်။(NVS 004)