“တရုတ်၊ ရုရှား၊ အမေရိကန် သုံးနိုင်ငံ ထိပ်သီးအစည်းအဝေးအတွက် ဆွေးနွေးနေကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အတည်ပြု”
08 Nov
တရုတ်သမ္မတ ရှီကျင့်ဖျင်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ရုရှားသမ္မတ ပူတင် တို့ကြား သမိုင်းဝင် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ ဆွေးနွေးနေကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ယခုရက်သတ္တပတ်အတွင်း အတည်ပြုခဲ့သည်ဟု Xinhua သတင်းဌာနက ဖော်ပြ ထားသည်။ တရုတ်၊ အမေရိကန်၊ ရုရှားခေါင်းဆောင်များ၏ သုံးပွင့်ဆိုင်ထိပ်သီးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ ဆွေးနွေးနေမှုကို တရုတ်အစိုးရက ပထမဆုံးအကြိမ်အဖြစ် အတည်ပြုခဲ့ခြင်းဖြစ်သည်။ တရုတ်၊ အမေရိကန်၊ ရုရှား ခေါင်းဆောင်များ တွေ့ဆုံနိုင်ရေးအတွက် တရုတ်နိုင်ငံသည် သက်ဆိုင်ရာတာဝန် ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာလ ၄ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ အစီအစဉ်ဖြစ်မြောက်ခဲ့ပါက တရုတ်၊ အမေရိကန်၊ ရုရှားခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့(အေပက်) ထိပ်သီးဆွေးနွေးပွဲကာလအတွင်း ကျင်းပမည်ဖြစ်သည်။ ၂၀၂၆ ခုနှစ် အေပက်ထိပ်သီးညီလာခံကို တရုတ်နိုင်ငံ တောင်ပိုင်း ရှန်ကျန်းမြို့၌ ယခုလအတွင်း ကျင်းပမည်ဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် သည် အေပက်ထိပ်သီးညီလာခံ တက်ရောက်ရန်အတွက် ရှန်ကျန်းမြို့သို့ လာရောက်မည်ဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင် နှင့် ယခုနှစ်အတွင်း တတိယအကြိမ်မြောက်အဖြစ် တွေ့ဆုံမည်ဖြစ် ကြောင်း သိရသည်။