“ဥရောပရုပ်သံသတင်းဌာနများသို့ ဗုံးခြိမ်းခြောက်မှု သတိပေးချက်များရရှိ”
08 Nov
ဥရောပတစ်ဝန်းရှိ ရုပ်သံသတင်းဌာနများသို့ နိုဝင်ဘာလ ၆ ရက်က ဗုံးခြိမ်းခြောက်မှု သတိပေးချက်များ ရရှိခဲ့ကြောင်း ဥရောပတာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက ဖော်ပြထားသည်။ ဗုံးခြိမ်းခြောက်မှု သတိပေးချက်များရရှိခဲ့သည့် ဥရောပရုပ်သံ သတင်းဌာနများထဲတွင် အိုင်ယာလန်အခြေစိုက် အာရ်တီအီးသတင်းဌာန၊ ဗြိတိန်အခြေစိုက် စကိုင်းနယူးစ်သတင်းဌာန၊ ဘူလ်ဂေးရီးယားအခြေစိုက် နိုဗာတီဗွီသတင်း ဌာနတို့ ပါဝင်ကြောင်းသိရသည်။ ဗုံးခြိမ်းခြောက်မှု သတိပေးချက်များကြောင့် အဆိုပါရုပ်သံသတင်းဌာနများသည် အရေးပေါ်ရွှေ့ပြောင်းမှုများ၊ ထုတ်လွှင့်မှုအစီအစဉ် ဖျက်သိမ်းမှုများ ပြုလုပ်ခဲ့ရသည်။ သို့ရာတွင် လုံခြုံရေးတာဝန်ရှိသူများက ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရာ မည်သည့်ဖောက်ခွဲရေးပစ္စည်းကိုမျှ မတွေ့ရှိရကြောင်း မီဒီယာများက သတင်းထုတ်ပြန်ထားသည်။ ပြီးခဲ့သည့်ရက်များအတွင်း ဗုံးခြိမ်းခြောက်မှု သတိပေးချက်များကြောင့် ဥရောပတစ်ဝန်းရှိ လေကြောင်း ခရီးစဉ်များ ကမောက်ကမဖြစ်ခဲ့ရပြီးနောက် ဥရောပရုပ်သံသတင်းဌာနများသို့ ဗုံးခြိမ်းခြောက်မှု သတိပေးချက်များ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။