“ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းအတွင်းရှိ ရထားလမ်း၊ တံတားများနှင့် ဘူတာများ၊ ကုန်းတွင်းဆိပ်များ တည်ဆောက်မည့်မြေနေရာအား ပြည်ထောင်စုဝန်ကြီး ကြည့်ရှုစစ်ဆေး”

07 Nov

ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းအတွင်းရှိ ရထားလမ်း၊ တံတားများနှင့် ဘူတာများ၊ ကုန်းတွင်းဆိပ်များ တည်ဆောက်မည့် မြေနေရာတို့အား နိုဝင်ဘာလ ၆ ရက် နံနက်ပိုင်းတွင် ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြထွန်းဦး က တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ ပြည်ထောင်စုဝန်ကြီးက ကုန်းတွင်းဆိပ်တည်ဆောက်မည့် မြေနေရာနှင့်ပတ်သက်၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး RBE ရထားဖြင့် ကုန်းတွင်းဆိပ်တည်ဆောက်မည့် မြေကွက် အမှတ်(၁)နှင့်(၂)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဖို့မြေပမာဏ တွက်ချက်ရန်၊ အဝင်ကားလမ်းနှင့် ရထားလမ်းဖောက်လုပ်နိုင်ရေး ပြန်လည်စိစစ်တင်ပြရန် လမ်းညွှန်မှာကြားကာ မော်လမြိုင် စက်ခေါင်းပြင်စက်ရုံ အနီးရှိ ဝန်ထမ်းအိမ်ရာများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သံလွင်တံတား(ချောင်းဆုံ)၏ တံတားတိုင်ခြေ ရေတိုက်စားမှုအခြေအနေနှင့် ရေလမ်းကြောင်းအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် မော်လမြိုင်လေဆိပ် သို့ရောက်ရှိရာ လေဆိပ်အတွင်း အရေးကြီးပုဂ္ဂိုလ်(VIP) နားနေဆောင်နှင့် ကားရပ်နားနေရာ တည်ဆောက်နေမှု၊ လေဆိပ်အဆောက်အအုံ အကြီးစားမွမ်းမံပြင်ဆင်ခြင်း၊ လေကြောင်းထိန်းမျှော်စင် အကြီးစားမွမ်းမံပြင်ဆင်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုနှင့် လေဆိပ်မီးသတ်အဆောက်အအုံမှ လေယာဉ်ပြေးလမ်းသို့ မီးသတ်ကားအဝင် ကွန်ကရစ်လမ်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရပါတယ်။(NVS 008)

07 Nov

ADVERTISE HERE .