“မြန်မာ့ရိုးရာပွဲဈေး ဖွင့်လှစ်”

07 Nov

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာပွဲဈေး ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၆ ရက်တွင် ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်ဝင်းအတွင်းရှိ ရန်ကုန်ကွန်ဗင်းရှင်း စင်တာ(YCC)၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။ မြန်မာ့ယဉ်ကျေးမှု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအား ပြည်သူများအနေဖြင့် ပိုမိုကျယ်ပြန့်စွာ သိရှိ ထိန်းသိမ်းရန်၊ ခေတ်ပေါ်စားသောက်ကုန်များကြား ပျောက်ကွယ်လုနီးပါးဖြစ်နေသော ရိုးရာမုန့်များကို မျိုးဆက်သစ် လူငယ်များ သိရှိမြတ်နိုးတတ်စေရန်၊ စိုက်ပျိုးရေးထွက်ကုန် အခြေခံရိုးရာမုန့်လုပ်ငန်းများ၏ ဈေးကွက်ဖော်ဆောင် ပေးရန်၊ ယဉ်ကျေးမှုအခြေခံ ခရီးသွားလုပ်ငန်းမြှင့်တင်ရန်နှင့် UNESCO ကမ္ဘာ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းရေးအတွက် အထောက်အကူဖြစ်စေရန် စတဲ့ရည်ရွယ်များဖြင့် ရိုးရာပွဲဈေးကို ကျင်းပခြင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပွဲဈေးကို နိုဝင်ဘာလ ၆ ရက်မှ ၈ ရက်အထိ ဆိုင်ခန်းပေါင်း ၁၅၀ ကျော်ဖြင့် ဖွင့်လှစ်ရောင်းချလျက်ရှိရာ လာရောက်ဝယ်ယူသူများ အမျိုးအစားစုံလင်စွာဝယ်ယူနိုင်ရန် ဇုန်သုံးခုဖြင့် ခွဲခြားဖွင့်လှစ်ထားရှိပါတယ်။ ဇုန်(A)ပွဲဈေး တန်းတွင် အစားအသောက်များ၊ Fast Food များ၊ ဇုန်(B)ပွဲဈေးတန်းတွင် ဒေသအသီးသီး၏ စားသောက်ကုန်များ၊ ဇုန်(C)ပွဲဈေးတန်းတွင် ဒေသအသီးသီးမှထွက်ကုန်များ၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ အဝတ်အထည်များနှင့် မြန်မာ့ စားဖွယ်ပြုလုပ်နည်း သရုပ်ပြပွဲများအပြင် စကားဝိုင်းများ၊ ဇာတ်ပွဲ၊ Project K အဖွဲ့၏ ဖျော်ဖြေပွဲများနှင့် တိုင်းရင်းသား ပဒေသာအကများဖြင့် စည်ကားသိုက်မြိုက်စွာ ထည့်သွင်းကျင်းပလျက်ရှိပါတယ်။ ဖွင့်ပွဲအခမ်းအနားသို့ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန္ဒာခင် နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါတယ်။(NVS 008)

07 Nov

ADVERTISE HERE .