“ဂျပန်နိုင်ငံ အိုကီနာဝါစီရင်စုအခြေစိုက် အမေရိကန်စစ်တပ်က ညအပြင်မထွက်ရန် အစီအမံအား တစ်လ သက်တမ်းတိုးရန်ဆုံးဖြတ်”
07 Nov
ဂျပန်နိုင်ငံ အိုကီနာဝါစီရင်စုအခြေစိုက် အမေရိကန်စစ်တပ်သည် နိုဝင်ဘာလ ၆ ရက်တွင် ထိုမတိုင်မီ အမေရိကန်စစ်သည်က လုယက်လူသတ်မှုတွင်ပါဝင်ကြောင်း သံသယရှိမှုဖြင့် အိုကီနာဝါအခြေစိုက် အမေရိကန် စစ်တပ် လူပုဂ္ဂိုလ်အားလုံးအပေါ် ညအပြင်မထွက်ရန်အစီအမံကို ဒီဇင်ဘာလ ၇ ရက်အထိ တစ်လသက်တမ်း တိုးလိုက်ကြောင်း၊ အဆိုပါ သက်တမ်းတိုးသည့်အစီအမံကို ရာထူးအဆင့်နိမ့်သော စစ်သည်များနှင့်သက်ဆိုင်ကြောင်း ဂျပန် Kyodo News ၏ နိုဝင်ဘာလ ၆ ရက် သတင်းဖော်ပြချက်အရ သိရသည်။ ယခုနှစ် အောက်တိုဘာလဆန်းတွင် အိုကီနာဝါစီရင်စု နာဟာမြို့၌ အမေရိကန်စစ်သည်က ဂျပန် အမျိုးသမီးတစ်ဦးအား သတ်ဖြတ်သည့်အမှုတွင် ပါဝင်ကြောင်း သံသယရှိမှုဖြစ်ပွားခဲ့ပြီးနောက် အမှုနှင့်စပ်လျဉ်းသည့် အမေရိကန်စစ်သည်မှာ ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။ အမှုဖြစ်ပွားပြီးနောက် အိုကီနာဝါစီရင်စု အခြေစိုက် အမေရိကန်စစ်တပ်က အောက်တိုဘာလ ၉ ရက်မှစ၍ ရက် ၃၀ ကြာ ညအပြင်မထွက်ရန် အစီအမံကျင့်သုံးခဲ့ပြီး စစ်တပ်အခြေစိုက်စခန်း အဝင်အထွက်တွင် စောင့်ကြည့်ထိန်းချုပ်မှုများကို တင်းကျပ်ထားခဲ့သည်။ ညအပြင်မထွက်ရ သတ်မှတ်ချက်အရ အိုကီနာဝါစီရင်စုအခြေစိုက် အမေရိကန်စစ်တပ် လူပုဂ္ဂိုလ်များသည် နေ့စဉ် ညသန်းခေါင် ၀ နာရီမှ နံနက် ၅ နာရီ အချိန်အတွင်း အပြင်မထွက်ရပေ။ သို့သော်လည်း ညအပြင်မထွက်ရ အစီအမံ အသက်ဝင်နေသောကာလအတွင်း အောက်တိုဘာလ ၃၁ ရက် နံနက်ပိုင်း၌ အမေရိကန် မရိန်းတပ်ဖွဲ့ဝင် စစ်သည်တစ်ဦးသည် အရက်သောက်သုံးပြီး ယာဉ်မောင်းနှင်မှုကြောင့် ဖမ်းဆီးခံခဲ့ရသည်။ ယင်းနှင့်စပ်လျဉ်း၍ ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Shinjiro Koizumi က အမေရိကန်ဘက်အနေဖြင့် စစ်စည်းကမ်းအား တင်းတင်းကျပ်ကျပ်လုပ်ဆောင်ရန်၊ အလားတူဖြစ်စဉ်များ ထပ်မံဖြစ်ပွားခြင်းအား ကာကွယ်ရန် အတွက် လက်တွေ့ကျ၍ ထိရောက်သောအစီအမံများ လုပ်ဆောင်ရန်၊ ညအပြင်မထွက်ရ သတ်မှတ်ချက်အား တင်းကျပ်စွာကျင့်သုံးရန် တောင်းဆိုထားပြီးဖြစ်ကြောင်း နိုဝင်ဘာလ ၂ ရက်တွင် ပြောကြားခဲ့သည်။ ကာလကြာရှည်စွာ ဂျပန်အခြေစိုက် အမေရိကန်စစ်တပ် ပြစ်မှုကျူးလွန်မှုများ မကြာခဏဖြစ်ပွားခဲ့ရာ ၎င်းအနက် အဓမ္မပြုကျင့်မှု၊ လူသတ်မှု၊ လုယက်မှု စသည့် ဆိုးရွားသောအမှုများ ပါဝင်သည်။ စာရင်းကောက်ယူမှုအရ ၂၀၂၅ ခုနှစ် တစ်နှစ်တည်းတွင်ပင် အိုကီနာဝါစီရင်စု ရဲတပ်ဖွဲ့က စီမံခဲ့ရသော ဂျပန်အခြေစိုက် အမေရိကန်စစ်တပ်နှင့် သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် စပ်လျဉ်းသော ရာဇဝတ်ကျူးလွန်မှု ၁၀၀ ကျော်ရှိကြောင်း သိရသည်။ (Repost from Xinhua Myanmar)