“တရုတ်နိုင်ငံက အောက်တိုဘာလတွင် နော်ဝေနိုင်ငံ၏ တတိယအကြီးဆုံး ပင်လယ်စာတင်ပို့ရာ ဈေးကွက်ဖြစ်လာ”
06 Nov
တရုတ်နိုင်ငံသည် အောက်တိုဘာလအတွင်း နော်ဝေနိုင်ငံ၏ တတိယအကြီးဆုံး ပင်လယ်စာတင်ပို့ရာ ဈေးကွက်ဖြစ်လာကြောင်း၊ တရုတ်နိုင်ငံသို့ တင်ပို့မှုပမာဏမှာ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၂ ရာခိုင်နှုန်း တိုးတက်လာကြောင်း နော်ဝေပင်လယ်စာကောင်စီက နိုဝင်ဘာလ ၄ ရက်တွင် ပြောကြားခဲ့သည်။ အောက်တိုဘာလအတွင်း နော်ဝေနိုင်ငံသည် တရုတ်နိုင်ငံသို့ နော်ဝေခရိုနာငွေကြေး ၁.၁၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၂၇ သန်း)တန်ဖိုးရှိ ပင်လယ်စာများကို တင်ပို့ခဲ့ကြောင်း အဆိုပါကောင်စီက ဆိုသည်။ တရုတ် နိုင်ငံသို့ တင်ပို့မှုများ ဆက်လက်တိုးတက်နေသော်လည်း အမေရိကန်နိုင်ငံသို့ တင်ပို့မှုမှာမူ လျော့ကျသွားခဲ့ပြီး အဓိက အားဖြင့် အေးခဲထားသည့် လတ်ဆတ်သော ဆယ်လ်မွန်ငါးအသားလွှာ တင်ပို့မှုပမာဏ လျော့ကျလာခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။ ထို့ပြင် အောက်တိုဘာလအတွင်း တရုတ်နိုင်ငံသည် နော်ဝေနိုင်ငံ၏ အေးခဲထားသော ကော့ဒ်ငါးတင်ပို့ရာ အကြီးဆုံးဈေးကွက်လည်း ဖြစ်ခဲ့သည်။ တင်ပို့မှုပမာဏမှာ မက်ထရစ်တန်ချိန် ၁,၀၂၆ ရှိပြီး ယခင်နှစ် အလားတူကာလ နှင့်နှိုင်းယှဉ်ပါက ၁၈၆ ရာခိုင်နှုန်း တိုးတက်လာသလို တင်ပို့မှုတန်ဖိုးမှာလည်း ၁၈၂ ရာခိုင်နှုန်း တိုးတက်လာကြောင်း ကောင်စီက ဖော်ပြသည်။ အောက်တိုဘာလအတွင်း နော်ဝေနိုင်ငံ၏ ပင်လယ်စာတင်ပို့မှု စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁.၉၇ ဘီလီယံရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက အပြောင်းအလဲမရှိသလောက်ပင် ဖြစ်သည်။ ဆယ်လ်မွန် ငါး တင်ပို့မှုတန်ဖိုးမှာ လအလိုက် စံချိန်တင်ပမာဏသို့ ရောက်ရှိခဲ့သော်လည်း ကော့ဒ်ငါး၊ မက်ကရယ်ငါးနှင့် ဟက်ဒဂ်ငါး အပါအဝင် သဘာဝရေပြင်မှ ဖမ်းဆီးရရှိသော ငါးမျိုးစိတ်များအတွက်မူ တင်ပို့မှုပမာဏနှင့် တန်ဖိုးနှစ်ရပ်စလုံး ကျဆင်း ခဲ့သည်။ အမေရိကန်ဒေါ်လာ၊ ယူရိုငွေကြေးတို့နှင့် နှိုင်းယှဉ်ပါက နော်ဝေ ခရိုနာငွေကြေးတန်ဖိုး ပိုမိုခိုင်မာလာခြင်းက ပြည်တွင်းငွေကြေးဖြင့် တွက်ချက်ထားသော ပင်လယ်စာတင်ပို့မှုမှရရှိသည့် ဝင်ငွေအပေါ် သက်ရောက်မှုရှိခဲ့ကြောင်း နော်ဝေပင်လယ်စာကောင်စီက ပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)