“အီရန်စစ်ပွဲက ရီပက်ဘလစ်ကန်ပါတီ ရွေးကောက်ပွဲတွင်ရှုံးနိမ့်ရခြင်း၏ အခြေခံအကြောင်းရင်းဖြစ်သည်ဟု အမေရိကန်ဒုတိယသမ္မတဆို”

06 Nov

အမေရိကန်ဒုတိယသမ္မတ JD Vance က နိုဝင်ဘာလ ၄ ရက်တွင် လူမှုကွန်ရက်ပေါ်တွင် ပို့စ်အရှည်တစ်ပုဒ် တင်ကာ ရီပက်ဘလစ်ကန်ပါတီ သက်တမ်းဝက်ရွေးကောက်ပွဲတွင် ရှုံးနိမ့်ရခြင်း၏ အကြောင်းရင်းကို ခွဲခြမ်းစိတ်ဖြာ ခဲ့သည်။ အီရန်စစ်ပွဲသည် အခြေခံအကြောင်းရင်းဖြစ်သည်ဟု ပွင့်ပွင့်လင်းလင်းပြောကြားခဲ့ပြီး အမေရိကန်-အစ္စရေး ဆက်ဆံရေးကို ပြောင်းလဲရန်အဆိုပြုခဲ့သည်။ Vance သည် ဤအချိန်အခါတွင် ပို့စ်တင်ခြင်းသည် အမေရိကန်သမ္မတ ထရမ့် နှင့်အဆက်ဖြတ်ကာ ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲဝင်ရန် ပြင်ဆင်မှုများ စတင်လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု အမေရိကန်မီဒီယာများက သုံးသပ်ဖော်ပြကြသည်။ ဒေတာဆိုင်ရာပညာရှင်များက ၂၀၂၄ ခုနှစ်မှာ ထရမ့် နဲ့ Vance တို့ကို မဲပေးခဲ့တဲ့ မဲဆန္ဒရှင်အများအပြားက အလွန်ဒေါသထွက်နေပြီး အခြားတစ်ဘက်ကို မဲပေးဖို့စီစဉ်နေကြတယ်ဟု ၎င်းအား ပြောကြားခဲ့ကြောင်း Vance က ပို့စ်တွင် ရေးသားဖော်ပြခဲ့သည်။ ရှေ့ဆက်ပြီး အတွင်းပိုင်းပဋိပက္ခတွေနဲ့ ငြင်းခုံမှုတွေ အများကြီးရှိလာမယ်၊ ဘာဖြစ်ခဲ့သလဲ၊ ဘာကြောင့်ဒီလိုဖြစ်ခဲ့သလဲဆိုတာ ငြင်းခုံကြမယ်... ဒါပေမဲ့ ကျွန်တော်တို့ ရှုံးခဲ့ရတဲ့ တကယ့် အကြောင်းရင်းကို လူတိုင်းနီးပါးရင်ထဲမှာ သိထားကြပါတယ်ဟူ၍ ၎င်းက ယူဆခဲ့သည်။ Vance က သက်တမ်းဝက်ရွေးကောက်ပွဲမတိုင်မီ အခြေအနေမကောင်းဟန် ခံစားမိခဲ့တယ်ဟု ပွင့်လင်းစွာ ဝန်ခံခဲ့ပြီး ပြည်သူ့စစ်တမ်းပညာရှင်များ၏ အမြင်သဘောထားကို ကိုးကားလျက် မဲဆန္ဒရှင်များအား ရီပက်ဘလစ်ကန် ပါတီထံ ပြန်လာစေရေးအတွက် လုပ်ငန်းတာဝန်လေးရပ်ကို ထောက်ပြခဲ့သည်။ ယင်းတို့မှာ အီရန်စစ်ပွဲကို အဆုံး သတ်ခြင်း၊ ပြည်သူများ၏ နေထိုင်မှုကုန်ကျစရိတ်နှင့် ငွေကြေးဖောင်းပွမှုပြဿနာကို အာရုံစိုက်ခြင်း၊ အမေရိကန် ဦးစားပေးခြင်းကို အခိုင်အမာထားခြင်းနှင့် အမေရိကန်-အစ္စရေး ဆက်ဆံရေးကို ပြောင်းလဲခြင်းတို့ဖြစ်သည်။ ၎င်းက ကျွန်တော်တို့ရှုံးနိမ့်ရတဲ့ အကြောင်းရင်းကတော့ ဒီစစ်ပွဲကြောင့်ပါပဲ... ကျွန်တော်တို့ ဘာကြောင့်ရှုံးခဲ့ရတယ်ဆိုတာ လူတိုင်းသိကြပါတယ်ဟုလည်း တိုက်ရိုက်ထောက်ပြခဲ့သည်။ ထိုနေ့ နှောင်းပိုင်းတွင် သတင်းထောက်များက Vance ၏ ထုတ်ဖော်ပြောဆိုချက်နှင့် စပ်လျဉ်း၍ ထရမ့် အား မေးမြန်းရာတွင် ၎င်းက အများအားဖြင့်မှန်တယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဘာလို့လဲဆို ဒါ(အီရန်စစ်ပွဲ)ကြောင့် ရေတိုကာလအတွင်း ဓာတ်ဆီဈေးနှုန်းများကို မြင့်တက်စေခဲ့တယ်ဟု ဆိုခဲ့သည်။ အစကတည်းက အီရန်စစ်ပွဲအပေါ် Vance ၏သဘောထားကို သိထားခဲ့ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။ Vance ၏ပို့စ်သည် ထူးထူးခြားခြားဖြစ်ပြီး ထရမ့် အပေါ် ဖုံးကွယ်မှုမရှိသော ဝေဖန်မှုများပါဝင်ကာ လက်တွေ့ အားဖြင့် ၎င်းသည် ထရမ့် နှင့်အဆက်ဖြတ်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲဝင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ Vance ၏ ဤအပြုအမူသည် ထရမ့်ခေတ်၏ တစ်ဆစ်ချိုးဖြစ်လာမည်ဖြစ်ကြောင်း အမေရိကန် CNN ၏ဆောင်းပါးက သုံးသပ်ထားသည်။ အမေရိကန် Fox News ချန်နယ်၏ သတင်းအရ အိမ်ဖြူတော်သည် နိုဝင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် အစိုးရ အရာရှိများကို ခေါ်ယူကာ အစည်းအဝေးကျင်းပပြီး သက်တမ်းဝက်ရွေးကောက်ပွဲအပြီး သတင်းအချက်အလက် ထုတ်ပြန်ရာတွင် တစ်သံတည်းထွက်ရန် ညွှန်ကြားခဲ့သော်လည်း Vance က သူရဲ့ သတင်းအချက်အလက် ထုတ်ပြန် မှုကို မိမိဘာသာထိန်းချုပ်ခဲ့ပြီး နိုင်ငံခြားရေးမူဝါဒနဲ့ အမေရိကန်-အစ္စရေးဆက်ဆံရေးမှာ ထရမ့်နှင့် လမ်းခွဲသွားခဲ့တယ် ဟု ဖော်ပြခဲ့သည်။ သတင်းတွင် ထရမ့်အစိုးရအရာရှိတစ်ဦး၏ ပြောကြားချက်ကိုကိုးကား၍ Vance အဆိုပြုသည့် လုပ်ငန်းတာဝန်လေးရပ်သည် ၎င်းက အမေရိကန်လက်ယာယိမ်းအသစ် အင်အားစုများထံပေးပို့သည့် စည်းရုံးရေး အချက်ပြသံဖြစ်သော်လည်း ၎င်းသည် ဒုတိယသမ္မတဟောင်း Pence ကဲ့သို့ ထရမ့်နှင့် လုံးဝအဆက်အသွယ်ဖြတ်ခြင်း မဟုတ်ပေဟု ဖော်ပြခဲ့သည်။ လက်ယာယိမ်းအသစ်၏ တောင်းဆိုချက်များကို နိုင်ငံရပ်ခြားပဋိပက္ခများတွင် ပါဝင် ပတ်သက်မှုမရှိခြင်း၊ အမေရိကန်ကို နေထိုင်စရိတ် တတ်နိုင်သောနေရာဖြစ်စေခြင်းနှင့် နယ်စပ်များ ပိတ်ထားခြင်း တို့အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ (Repost from Xinhua Myanmar)

06 Nov

ADVERTISE HERE .