“ရီးရဲလ်အသင်း ဒါရိုက်တာဘုတ်အဖွဲ့ဝင် ဖြစ်လာတော့မယ့် စပိန်ဂန္ထဝင်တင်းနစ်သမား ရာဖေးလ် နာဒယ်”

06 Nov

စပိန်ဂန္ထဝင်တင်းနစ်သမား ရာဖေးလ် နာဒယ် ဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင် ဖြစ်လာတော့မယ်လို့ သိရပါတယ်။ ကစားသမားဘဝ ဂရင်းစလမ်ချန်ပီယံဆုကို ၂၂ ကြိမ် ရထားသလို အိုလံပစ်ရွှေတံဆိပ် ၂ ခုနဲ့ စပိန်လက်ရွေးစင် အသင်း ကိုယ်စားပြုပြီး ဒေးဗစ်ဖလားကို ၅ ကြိမ်ရယူပေးထားတဲ့ နာဒယ် ဟာ ၂၀၂၄ ခုနှစ်မှာ ကစားသမားဘဝက အနားယူခဲ့တာဖြစ်ပါတယ်။ အခုလကုန်ပိုင်းမှာ ပြုလုပ်မယ့် အသင်းအစည်းအဝေးမှာ အသက် ၄၀ အရွယ် နာဒယ် ကို ဘုတ်အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုပေးဖို့အတွက် အသင်းအဖွဲ့ဝင်တွေရဲ့ ထောက်ခံချက်ကို တောင်းခံသွားမှာဖြစ်ပါတယ်။ အားကစားသမားအနေနဲ့ရော လူသားတစ်ဦးအဖြစ်ပါ မြင့်မားတဲ့ဂုဏ်သိက္ခာရှိပြီး စပိန်အားကစားလောကရဲ့ စံပြ ကစားသမားတစ်ဦးဖြစ်တဲ့ နာဒယ် က အသင်းရဲ့ ဘုတ်အဖွဲ့ဝင်ဖြစ်လာမှာကို ဂုဏ်ယူဝမ်းမြောက်ရပါတယ်လို့ ရီးရဲလ်အသင်းထုတ်ပြန်ချက်မှာ ရေးထားပါတယ်။ ရီးရဲလ်အသင်းရဲ့ အသင်းဝင်အမှတ် ၆၇၇၇၈ ကို ပိုင်ဆိုင်ထားပြီး ငယ်စဉ်ကတည်းက ရီးရဲလ်အသင်းကို အားပေးလာခဲ့တဲ့ နာဒယ် က သူ့ရဲ့လူမှုကွန်ရက်မှာ ငယ်စဉ်က ရီးရဲလ်အသင်းဝတ်စုံဝတ်ထားတဲ့ ပုံကိုတင်ခဲ့ပြီး ဒါရိုက်တာဘုတ်အဖွဲ့ဝင်ဖြစ်လာနိုင်တဲ့ သတင်းတွေကို အတည်ပြုခဲ့ပါတယ်။ နာဒယ် ကို ရီးရဲလ်အသင်း ဒါရိုက်တာ ဘုတ်အဖွဲ့မှာ ပါဝင်ဖို့ကမ်းလှမ်းလာတဲ့ အသင်းဥက္ကဋ္ဌ ပီရက်ဇ် နဲ့ အသင်းဘုတ်အဖွဲ့ကို ကျေးဇူးတင်ပါတယ်လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ (NVS 008)

06 Nov

ADVERTISE HERE .