“နေပြည်တော်တပ်မတော်ဆေးရုံကြီးမှာ ကျောက်ကပ်အစားထိုးခွဲစိတ်မှု အတွဲ ၃၀၀ ပြည့်မြောက်ခဲ့”
06 Nov
နေပြည်တော်ရှိ အမှတ် (၂) တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀)မှာ နိုဝင်ဘာလ ၄ ရက် နံနက်ပိုင်းက (၁၅၀) ကြိမ်မြောက် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့ပြီး စုစုပေါင်းအတွဲ ၃၀၀ ပြည့်မြောက် ခဲ့ကြောင်း သိရပါတယ်။ ခွဲစိတ်ကုသမှုကို ဆီးနှင့်ကျောက်ကပ်ဆိုင်ရာ၊ နှလုံးနှင့်သွေးကြောခွဲစိတ်ကုသရေး၊ မေ့ဆေးနှင့် အထူးကြပ်မတ် ကုသရေးပါရဂူများနှင့် ကျွမ်းကျင်သူနာပြုများ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ ခွဲစိတ်မှုအပြီး လူနာနှင့် ကျောက်ကပ် အလှူရှင်များ၏ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လျက်ရှိပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်း သိရပါတယ်။ အဆိုပါဆေးရုံမှာ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို ၂၀၁၆ ခုနှစ် ဩဂုတ်လ ၈ ရက်မှာ စတင်ဆောင်ရွက် ခဲ့ခြင်းဖြစ်ပါတယ်။ တပ်မတော်ဆေးရုံများအနေဖြင့် နေပြည်တော်၊ ရန်ကုန်၊ ပြင်ဦးလွင်နှင့် အောင်ပန်းမြို့တို့တွင် တပ်မတော်သားများ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအတွက် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ (NVS 008)