“လိုင်စင်မဲ့ နိုင်ငံခြားငွေရောင်းဝယ်မှုများကို အရေးယူမည်”
06 Nov
လိုင်စင်မရှိဘဲ နိုင်ငံခြားငွေရောင်းဝယ်ခြင်း၊ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းဝယ်ခြင်းမပြုဘဲ နိုင်ငံခြား ငွေလဲလှယ်နှုန်း တည်ငြိမ်မှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်မှုများကို တည်ဆဲဥပဒေများနှင့် အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးကြေညာချက်ကို နိုဝင်ဘာလ ၅ ရက်တွင် ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံတော်အတွက် နေ့စဉ်လိုအပ်သော ကုန်စည်များအတွက် အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်၊ ထိုင်းဘတ်၊ အိန္ဒိယရူပီးတို့ကို FX Online Trading Platform တွင် AD လိုင်စင်ရ ဘဏ်များမှတစ်ဆင့် သွင်းကုန်လုပ်ငန်းရှင်များသို့ ရောင်းချပေးလျက်ရှိပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် Website နှင့် နိုင်ငံပိုင်သတင်းစာများတွင် နေ့စဉ်ထုတ်ပြန် ကြေညာပေးလျက်ရှိပါတယ်။ ၂၀၂၆ ခုနှစ်၊ ဧပြီလမှ ယနေ့အထိ FX Online Trading Platform နှင့် AD လိုင်စင်ရ ဘဏ်များမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၂,၂၂၁ ဒသမ ၂ သန်း၊ တရုတ်ယွမ် ၁,၉၀၇ ဒသမ ၁ သန်း၊ ထိုင်းဘတ် ၆,၇၁၂ ဒသမ ၈ သန်း၊ အိန္ဒိယရူပီး ၇၄ ဒသမ ၅ သန်းခန့်တို့ကို သွင်းကုန်လုပ်ငန်းရှင်များသို့ ရောင်းချပေးခဲ့ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေနဲ့ စက်သုံးဆီ၊ စားသုံးဆီ၊ ဓာတ်မြေဩဇာနှင့် အခြားကုန်စည်များတင်သွင်းရန်အတွက် အမေရိကန်ဒေါ်လာ ၁,၇၀၃ သန်းခန့်ကို ရောင်းချပေးခဲ့ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ တရားဝင်ငွေလဲလှယ်နှုန်းများကို ဗဟိုဘဏ် Websiteတွင် နေ့စဉ်ထုတ်ပြန် ကြေညာပေးလျက်ရှိသဖြင့် Money Changer များ၊ ဘဏ်နှင့် Customer များအကြားမှာ ဝယ်ယူရောင်းချခြင်း များအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ထုတ်ပြန်ထားသော နိုင်ငံခြား ငွေလဲလှယ်နှုန်းများနဲ့ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပေးထားတဲ့ တရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေကြေးများ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ လဲလှယ်ခြင်းတို့ကို ဆောင်ရွက်ကြောင်း စစ်ဆေးတွေ့ရှိခြင်းနှင့် သတ်မှတ်ဈေးနှုန်းဖြင့် ဝယ်ယူခြင်း၊ ရောင်းချခြင်းမပြုပါက နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်မှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်လျက် ရှိတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ၊ နိုင်ငံခြား သုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးကြေညာထားပါတယ်။ (NVS 008)