“ဥရောပတစ်ဝန်းတွင် ခရီးသည်တင်လေယာဉ်များစွာ ဗုံးလန့်မှုဖြစ်ပွား”
06 Nov
ဥရောပဒေသတစ်ဝန်းတွင်ရှိသည့် ခရီးသည်တင်လေကြောင်းလိုင်းများသည် နိုဝင်ဘာလ ၅ ရက်၌ ဗုံးလန့်မှု များနှင့်ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။ ထိုဖြစ်စဉ်သည် ယခုသီတင်းပတ်အတွင်းတွင် ဒုတိယအကြိမ်ဖြစ်သည်။ ဗုံးလန့်မှုများဖြစ်ပွားခဲ့ပြီးနောက် ခရီးသည်တင်လေယာဉ်များသည် အရေးပေါ်ဆင်းသက်မှုများ၊ အစောင့်လိုက်ပါ ဆင်းသက်မှုများ လုပ်ဆောင်ခဲ့ရသည်။ အဆိုပါဖြစ်စဉ်များထဲတွင် မည်သည့်လေယာဉ်မှ ဗုံးမတွေ့ရှိရကြောင်း သိရသည်။ ဖြစ်ပွားခဲ့သည့် ဗုံးလန့်မှုတွင် ခရီးသည်တင်လေယာဉ် ၁၂ စင်းကို ပစ်မှတ်ထားခံခဲ့ရခြင်းဖြစ်ကြောင်း သတင်းဌာနတချို့က ဖော်ပြထားသည်။ ပြင်သစ်အစိုးရ၏ Aer Lingus လေကြောင်းလိုင်းမှာ အဆိုပါဖြစ်စဉ်ဖြစ်ပွားကြောင်း သတင်းရရှိသည်နှင့် တိုက်လေယာဉ်များချက်ချင်းစေလွှတ်ပြီး ခရီးသည်တင်လေယာဉ်ကို အစောင့်လိုက်ကာ ဘေးကင်းစွာ ဆင်းသက် နိုင်အောင် ကူညီပေးခဲ့သည်။ ထိုအခြေအနေတစ်ခုလုံးကို ဝန်ကြီးချုပ်ရုံးက ကွပ်ကဲခဲ့ပြီး အလားတူ ဗုံးလန့်မှု ဖြစ်စဉ်ကြောင့် ခရီးသည်တင်လေယာဉ်များစွာသည် ဗီယန်နာလေဆိပ်၊ ဘရပ်ဆဲလေဆိပ်၊ ဆိုဖီယာလေဆိပ်၊ လော့ဒစ်လေဆိပ်၊ ပရာ့လေဆိပ်၊ ဘူခါရက်လေဆိပ်တို့မှာ အရေးပေါ်ဆင်းသက်ခဲ့ရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်ကလည်း ဥရောပတစ်ဝန်းရှိ ခရီးသည်တင်လေယာဉ် ၁၀ စင်းတွင် ဗုံးလန့်မှုအတွက် ပစ်မှတ်ထားခံခဲ့ရသည်။ ထိုအခြေအနေများကြောင့် ဝါဆောလေဆိပ်ကို ပိတ်ခဲ့ရသလို ရောမမြို့တစ်ဝန်းမှာ လေတပ်မှ လေယာဉ်များစွာပျံဝဲခဲ့ရသည်ဟု AGC သတင်းဌာနဖော်ပြချက်အရ သိရသည်။