“၂၀၂၆ ဒီဇင်ဘာလကုန်အထိ သစ်လွင်သူနာပြု ၂,၁၀၀ ကျော်ကို နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်အပ်ရန် စီစဉ်နေ”

05 Nov

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ၂၀၂၆ ခုနှစ် ဒီဇင်ဘာလကုန်အထိ သစ်လွင်သူနာပြု ၂,၁၀၀ ကျော်ခန့်အပ်ရန် စီစဉ်နေကြောင်း သိရပါတယ်။ သစ်လွင်သူနာပြုများကို နိုင်ငံ့ဝန်ထမ်းအဖြစ်တာဝန်ပေးအပ်တဲ့ ခန့်အပ်လွှာပေးအပ်ခြင်းအခမ်းအနားကို နိုဝင်ဘာလ ၃ ရက်က နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာနမှာကျင်းပခဲ့ပြီး ပေးအပ်ပွဲမှာ သူနာပြုတက္ကသိုလ် (ရန်ကုန်)မှ သူနာပြုသိပ္ပံဘွဲ့(ပုံမှန်)အောင်မြင်သူ ၂၈၃ ဦးနှင့် သူနာပြုတက္ကသိုလ်(မန္တလေး)မှ သူနာပြုသိပ္ပံဘွဲ့(ပုံမှန်) အောင်မြင်သူ ၁၇၉ ဦး၊စုစုပေါင်း ၄၆၂ ဦးကို နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်တဲ့ ခန့်အပ်လွှာများ ပေးအပ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားမှာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက နိုင်ငံတော်အနေနဲ့ ပညာရေး၊ ကျန်းမာရေးကဏ္ဍများကို တိုးတက်အောင်ဆောင်ရွက်လျက်ရှိရာ သူနာပြုများ နေထိုင်ရန် အဆောက်အအုံ များ ဆောက်လုပ်ပေးခြင်း၊ ရရှိထားသော ပညာအရည်အချင်းအလိုက် ထောက်ပံ့ကြေးများ၊ ရာထူးအဆင့်ဆင့်လိုက် လစာနှုန်းတိုးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် Capacity Building အတွက် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ အရည်အသွေးတိုးတက်လာစေရေးအတွက် ကြိုးစားကြစေလိုကြောင်း၊ ပြည်သူလူထုအားကိုးအားထားပြု ရသော သူနာပြုဆရာ/ဆရာမကောင်းများဖြစ်ရန် ကြိုးစားကြစေလိုကြောင်း၊ အချင်းချင်း အပြန်အလှန်လေးစားပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် နိုင်ငံတော်အကျိုး၊ ပြည်သူလူထုအကျိုးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်း ချက်များပြည့်မီအောင် ဆက်လက်ထမ်းပိုး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းမှာကြားခဲ့ပါတယ်။ (NVS 008)

05 Nov

ADVERTISE HERE .