“မြန်မာနိုင်ငံ၌ ထိုင်းရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးချဲ့လာမယ်လို့ ထိုင်းသံအမတ်ကြီး ပြောကြား”
05 Nov
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးချဲ့လုပ်ကိုင်ရန် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များ ပြန်လည်ဝင်ရောက် လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Tor Saralamba က နိုဝင်ဘာလ ၃ ရက် မွန်းလွဲပိုင်းမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှရရှိတဲ့ အမြတ်ဝေစုနှင့် ချေးငွေဆိုင်ရာငွေကြေးများကို ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းနိုင်ခြင်းအားဖြင့် ယင်းငွေကြေးများက မြန်မာနိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်ရန် ပြန်လည်ဝင်ရောက်လာနိုင်မည်ဖြစ်ကြောင်း ထိုင်းသံ အမတ်ကြီးက ဆွေးနွေးပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ဘဏ်ခွဲဖွင့်လှစ်ထားတဲ့ ထိုင်းဘဏ်များအနေနဲ့ မြန်မာနိုင်ငံ၏ ရေရှည်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုနိုင်ရန် ထိုင်းနှင့်မြန်မာကုမ္ပဏီများကို ချေးငွေများထုတ်ချေးပေးရန် ရည်ရွယ်ထား ကြောင်း ပြောကြားခဲ့ပါတယ်။ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦး က မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက် လာစေရန်နှင့် ဝင်ရောက်လာတဲ့ ရင်းနှီးမြှုပ်နှံမှုများနှင့် ဆက်စပ်သော ငွေကြေးလွှဲပြောင်းမှု၊ ငွေပေးချေ မှုလုပ်ငန်းများ ချောမွေ့စေရန် ဗဟိုဘဏ်က ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဘဏ်များ၏ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအပေါ်မူတည်၍ နိုင်ငံခြားငွေလက်ကျန် သတ်မှတ်ချက်များကို စဉ်ဆက်မပြတ် သုံးသပ်လျက်ရှိပြီး လိုအပ်တဲ့ ဖြေလျှော့မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ (NVS 008)