“မြန်မာ့အထည်အလိပ်နှင့်စက်ယန္တရား ကုန်စည်ပြပွဲ ၂၀၂၆ ဒီဇင်ဘာမှာ ကျင်းပမည်”
05 Nov
တရုတ်နှင့် မြန်မာနိုင်ငံမှ အထည်ချုပ်လုပ်ငန်းရှင်များ၊ အထည်အလိပ်နှင့် အဝတ်အထည်ဆိုင်ရာ စက်ပစ္စည်း ထုတ်လုပ်သူ၊ ဖြန့်ဖြူးသူ ၁၀၀ ကျော် ပါဝင်ပြသမည့် မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ ၂၀၂၆ ကို လာမည့် ဒီဇင်ဘာလတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပြပွဲကို ရန်ကုန်မြို့ရှိ Inya Lake Hotel နှင့် Yangon Convention Center (YCC) တွင် ဒီဇင်ဘာလ ၄ ရက်မှ ၆ ရက်အထိ သုံးရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။ ပြပွဲကို တရုတ်နိုင်ငံ Zhejiang ပြည်နယ် ကူးသန်း ရောင်းဝယ်ရေးဦးစီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) နှင့် Chinese Textile & Garment Association in Myanmar(CTGA) တို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်ပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းဆိုင်ရာ စီးပွားရေးဆက်ဆံမှုများ ပိုမို တိုးတက်လာစေရန်၊ မြန်မာနိုင်ငံနှင့် အာဆီယံဒေသတွင်း နိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ နိုင်ရန်နှင့် မြန်မာ့အထည်ချုပ်ကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ခြင်းဖြစ်ပါတယ်။ ယခုနှစ်ပြပွဲတွင် တရုတ်နိုင်ငံမှ အမှတ်တံဆိပ် ၁၀ ခုခန့်အပြင် အထည်အလိပ်၊ အဝတ်အထည်၊ ဆက်စပ်ပစ္စည်းများနှင့် အဝတ်အထည်ထုတ်လုပ်ရေးဆိုင်ရာ စက်ပစ္စည်းများကို ပြသမည့် လုပ်ငန်းရှင် ၁၀၀ ကျော် ပါဝင်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ Made in Myanmar ထုတ်ကုန်များကိုလည်း ပြသမြှင့်တင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် အထည်ချုပ်လုပ်ငန်းကဏ္ဍမှာ နောက်ဆုံးပေါ်နည်းပညာများ၊ လုပ်ငန်းဆိုင်ရာတိုးတက်ပြောင်းလဲမှု များနှင့် လက်တွေ့အသုံးချနိုင်တဲ့ ဗဟုသုတများကို မျှဝေပေးမည့် ဆွေးနွေးပွဲများ(Seminars)ကို ထည့်သွင်းကျင်းပ သွားမယ်လို့ သိရပါတယ်။ အထူးအစီအစဉ်အဖြစ် ပြည်တွင်းထုတ်ကုန်များနှင့် ပြည်တွင်းအမှတ် တံဆိပ်များကို အခြေခံထားတဲ့ ဖက်ရှင်ရှိုးများမှတစ်ဆင့် Made in Myanmar ထုတ်ကုန်များ၏ အရည်အသွေးနှင့် ပြည်တွင်း ဒီဇိုင်နာများ၏ ဖန်တီးနိုင်စွမ်းများကို ဖော်ထုတ်ပြသသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)