“ပလက်ဝ-ဇိုရမ်ပူရ်လမ်းစီမံကိန်းအတွက် မော်တော်ယာဉ် ၅ စီး၏ အထူးကုန်စည်ခွန်ကင်းလွတ်ခွင့်ပြု”

05 Nov

ပလက်ဝ-ဇိုရမ်ပူရ် နှစ်လမ်းသွားလမ်းဖောက်လုပ်ရေးစီမံကိန်းအတွက် တင်သွင်းထားတဲ့ မော်တော်ယာဉ် ၅ စီး အပေါ်ကျသင့်မည့် အထူးကုန်စည်ခွန်ကင်းလွတ်ခွင့်ပြုရေးကို ပြည်ထောင်စုလွှတ်တော်က ထောက်ခံမဲ ၅၂၃ မဲ၊ ကန့်ကွက်မဲ ၄ မဲနှင့် ကြားနေမဲ ၆ မဲဖြင့် အတည်ပြုခဲ့ကြောင်း သိရပါတယ်။ အဆိုပါစီမံကိန်းကို အိန္ဒိယနိုင်ငံ၏ ထောက်ပံ့အကူအညီ(Grant Aid)နဲ့ ၂၀၁၇ ခုနှစ်မှာ စတင်အကောင် အထည်ဖော်ခဲ့ပေမယ့် ၂၀၁၉ ခုနှစ်မှာ နယ်မြေအခြေအနေများကြောင့် လုပ်ငန်းများ ရပ်နားခဲ့ရကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင်က လွှတ်တော်၌ ရှင်းလင်းပြောကြားခဲ့ပါတယ်။ စီမံကိန်းအတွက် Drawback စနစ်နဲ့ တင်သွင်းထားတဲ့ မော်တော်ယာဉ် ၅ စီးကို မူလနိုင်ငံသို့ ပြန်လည်တင်ပို့ နိုင်ခြင်းမရှိသဖြင့် ပြည်တွင်းသုံးစွဲမှုစနစ်သို့ ပြောင်းလဲရာတွင် ကျသင့်မည့် အထူးကုန်စည်ခွန်ကို ကင်းလွတ်ခွင့်ပြုရန် လိုအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းခဲ့ပါတယ်။ ယင်းကိစ္စနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များက စီမံကိန်း၏ လမ်းပန်းဆက်သွယ်ရေးနှင့် နယ်စပ် ကုန်သွယ်ရေးဆိုင်ရာ အရေးပါမှုတို့ကို ဆွေးနွေးခဲ့ကြပြီး အခွန်ကင်းလွတ်ခွင့်ပြုရေးကို ထောက်ခံခဲ့ကြပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်ကလည်း အဆိုပါမော်တော်ယာဉ်များကို သက်ဆိုင်ရာစီမံကိန်း လုပ်ငန်းများတွင်သာ အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၃၇ နှင့်အညီ အခွန်ကင်းလွတ်ခွင့်ပြုရေးကို လွှတ်တော်၌ ဆန္ဒမဲရယူခဲ့ရာ မဲခွဲကာ အတည်ပြုခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)

05 Nov

ADVERTISE HERE .