“အရှေ့အလယ်ပိုင်းဒေသအတွင်း ရန်ပြုမှုများထပ်မံမဖြစ်စေမှုသည် တရုတ်နိုင်ငံ၏ ဦးစားပေးအစီအစဉ်ဖြစ် ဟု ဆို”
05 Nov
အရှေ့အလယ်ပိုင်းဒေသတွင် ရန်ပြုတိုက်ခိုက်မှုများ ထပ်မံမဖြစ်စေမှုသည် တရုတ်နိုင်ငံ၏ ဦးစားပေး အစီအစဉ်တစ်ခုဖြစ်သည့်အတွက် ဒေသတွင်းနိုင်ငံများနှင့် သံတမန်ရေးအရ ဆက်ဆံရေးကို ကြိုးပမ်းဆောင်ရွက် သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ မော်နင်း က နိုဝင်ဘာလ ၄ ရက်မှာ ပြောသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်ပဋိပက္ခကို ပြေလည်အောင် မဖြေရှင်းနိုင်သေးသည့်အပြင် အီရန်အပေါ် နောက်ထပ်စစ်ပွဲတစ်ပွဲဆင်နွှဲမယ်လို့ ခြိမ်းခြောက်လာပြီးနောက် တရုတ်နိုင်ငံဘက်က ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုမှုများ၊ ဒေသတွင်းနိုင်ငံများနှင့်ဆက်ဆံရေး တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်မှုများကို ဆောင်ရွက်လာသည်။ တရုတ်နိုင်ငံအနေနှင့် အရှေ့အလယ်ပိုင်းပဋိပက္ခများကို ဖြေရှင်းသည့်နေရာတွင် ဆွေးနွေး ညှိနှိုင်းမှုများမှတစ်ဆင့် ဖြေရှင်းဖို့အတွက် အီရန်နှင့်အမေရိကန်ကို ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး ယီမင်နိုင်ငံ နှင့်ပတ်သက်၍လည်း နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန်အတွက် နည်းလမ်းများကို ကြိုးစားရှာဖွေသွားမည်။ ဟော်မုရေလက်ကြားပြန်လည်ဖွင့်လှစ်ရေးအတွက်လည်း သင့်လျော်ပြီး ကျယ်ပြန့်တဲ့အဖြေတစ်ရပ် ရရှိစေဖို့ ကူညီသွားမှာဖြစ်ကြောင်း မော်နင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။ တရုတ်နိုင်ငံသည် အီရန် နိုင်ငံ၏ထိပ်တန်းစီးပွားရေးမိတ်ဖက်ဖြစ်ပြီး နိုဝင်ဘာလ ၂ ရက်တွင် အီရန်၊ အိုမန်နဲ့ ဆော်ဒီတာဝန်ရှိသူများနှင့် ပေကျင်းမြို့၌တွေ့ဆုံပြီး ဆွေးနွေးပွဲစကားဝိုင်းဆီပြန်သွားကြရန် တိုက်တွန်းခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်က အိုမန်ဘုရင်နှင့်တွေ့ဆုံစဉ် အရှေ့အလယ်ပိုင်းဒေသသည် အင်အားကြီး နိုင်ငံများ၏နပန်းကွင်း ဖြစ်လာနေပြီလို့ ဆိုထားသည်။ ထို့ကြောင့် တရုတ်နိုင်ငံအနေနှင့်နိုဝင်ဘာလနှောင်းပိုင်းမှာ အရှေ့အလယ်ပိုင်း ကိုယ်စားလှယ်အဖွဲ့ကို အီရန်၊ အိုမန်နှင့် ဆော်ဒီအာရေဗျသို့ စေလွှတ်ပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ST သတင်းဌာနဖော်ပြချက်အရ သိရပါတယ်။