“အင်ဒိုနီးရှားတွင် သမ္မတဖုန်းလိုင်းကို ကြားဖြတ်နားထောင်မှုဖြစ်ပွား၍ စစ်သည်အင်အား ၂ဝ,ဝဝဝ ကျော်ကို မြို့တော်မှာဖြန့်ကြက်ထား”
05 Nov
အင်ဒိုနီးရှားနိုင်ငံမှာ သမ္မတပရာဘိုဝိုဆူဘီယန်တိုရဲ့ဖုန်းလိုင်းကို ကြားဖြတ်နားထောင်မှုဖြစ်ပွားခဲ့သည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့အကြီးအကဲနှစ်ဦးနှင့် ရဲချုပ်ဟောင်းတစ်ဦးတို့ကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရတယ်။ တစ်ချိန်တည်းမှာပဲ အင်ဒိုနီးရှားတပ်မတော်သည် စစ်သည်အင်အား ၂၀,၀၀၀ ကျော်ကို မြို့တော်ဖြစ်သည့် ဂျကာတာတွင် ဖြန့်ကြက်ထားသည်။ သမ္မတဖုန်းလိုင်းကို ကြားဖြတ်ပြီး နားထောင် သည့်ကိစ္စ၏နောက်ကွယ်တွင် ပါဝင်သူသည် ရဲချုပ်ဟောင်း လစ်ယိုစီဂစ်ပရာဘိုဝိုဖြစ်တယ်လို့ စွပ်စွဲထားသည်။ အဆိုပါရဲချုပ်ဟောင်းကို လွန်ခဲ့တဲ့တစ်လက သမ္မတရုံးအကြီးအကဲအဖြစ်ခန့်အပ်ခဲ့ပြီး နိုဝင်ဘာလ ၄ ရက်တွင် ရာထူးမှ ထုတ်ပယ်ခဲ့သည်။ လက်ရှိမှာ သမ္မတရုံးအတွင်းဝန်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး အာရီယိုဝင်ဒူတိုမို က လစ်ယိုစီဂစ်ပရာဘိုဝိုနေရာတွင် ခေတ္တတာဝန်ယူထားသည်။ ဂျကာတာမြို့တွင် စစ်သည်အင်အားများစွာ ဖြန့်ကြက်ချထားခြင်းသည် သမ္မတဖုန်းလိုင်းကို ကြားဖြတ် နားထောင်မှုနှင့် ပတ်သက်မှု ရှိ၊ မရှိကို တာဝန်ရှိသူများက အတည်ပြုထားခြင်း မရှိခဲ့ကြောင်း သိရသည်။ သို့ပေမယ့် အင်ဒိုနီးရှားတပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ မူဟမ်မတ်နက်က အမျိုးသားလုံခြုံရေးနှင့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် စံပြုလုပ်ထုံးလုပ်နည်းအရ စစ်သည်များကို ဖြန့်ကြက်ချထားခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ထိုကဲ့သို့ ဖြန့်ကြက်ချထားသည့် စစ်သည်များထဲတွင် မရိန်းတပ်ဖွဲ့နှင့်ရေတပ်တို့မှ စစ်သည်များအပြင် လေ့ကျင့်ရေးဌာနနှင့်ရေတပ်စခန်းဌာနချုပ်တို့မှစစ်သည်များလည်း ပါဝင်သည်။ လက်ရှိစစ်သည်အင်အား ၂၀,၉၈၀ ကို ဖြန့်ကြက်ထားပြီး လိုအပ်လာပါက နောက်ထပ်စစ်သည်အင်အား ၁၃,၁၄၀ ကိုလည်း အသင့်အနေအထားမှာ ရှိတယ်လို့ ရေတပ်မှတာဝန်ရှိသူတစ်ဦးဖြစ်သည့် ယာယန်ဆိုဖီယန်က ပြောသည်။ တရားမဝင်ဖုန်းလိုင်းကို ကြားဖြတ်နားထောင်ခြင်းခံရသည့်သူများထဲတွင် အစိုးရအဖွဲ့မှတာဝန်ရှိသူများလည်း ပါဝင်ကြောင်း AGC သတင်း ဌာနဖော်ပြချက်အရ သိရပါတယ်။