“ဗိုလ်တထောင်စေတီတော် မသိုးရွှေကြာသင်္ကန်းရက်ခတ်ပြိုင်ပွဲ ကျင်းပမည်”
04 Nov
ရန်ကုန်မြို့ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၏ (၄၂) ကြိမ်မြောက် မသိုးရွှေကြာ သင်္ကန်းရက်ခတ်ယှဉ်ပြိုင်ဆက်ကပ်ပူဇော်ပွဲကို နိုဝင်ဘာလ ၂၃ ရက်နှင့် ၂၄ ရက်တို့မှာ ကျင်းပသွားမည်ဖြစ်ကြောင်း စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရပါတယ်။ အဆိုပါပွဲကို မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက်နှင့် လပြည့်နေ့တို့တွင် ကျင်းပမည်ဖြစ်ပြီး ရက်ခတ်ယှဉ်ပြိုင်ပွဲမှာ ပထမဆု ကျပ် ၁၅ သိန်း၊ ဒုတိယဆု ကျပ် ၁၀ သိန်း၊ တတိယဆု ကျပ် ၈ သိန်းနှင့် နှစ်သိမ့်ဆု တစ်ဆုလျှင် ကျပ် ၄ သိန်းစီအပြင် ဆုတံဆိပ်များကိုလည်း ချီးမြှင့်သွားမည်ဖြစ်ပါတယ်။ ပြိုင်ပွဲတွင် အသက် ၁၈ နှစ်မှ ၅၀ နှစ်အတွင်းရှိ ရက်ကန်းရက်လုပ်မှု ကျွမ်းကျင်သည့် အမျိုးသမီးများ ပါဝင် ယှဉ်ပြိုင်နိုင်ပြီး တစ်ဖွဲ့လျှင် နှစ်ဦးနှုန်းဖြင့် အဖွဲ့လိုက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရပါတယ်။ ပါဝင်ယှဉ်ပြိုင်လို သူများအနေနဲ့ နိုဝင်ဘာလ ၆ ရက်မှ ၁၀ ရက်အထိ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ရုံးတွင် လျှောက်လွှာတင်သွင်းနိုင်ပြီး နိုဝင်ဘာလ ၁၀ ရက် ညနေ ၃ နာရီ နောက်ဆုံးထား၍ စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။ (NVS 008)