“Quiz on Korea 2026 ကမ္ဘာ့ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ မြန်မာကိုယ်စားလှယ်ကို ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး၏ ဂုဏ်ပြုလက်မှတ်ချီးမြှင့်”
04 Nov
၂၀၂၆ ခုနှစ် Quiz on Korea ကမ္ဘာ့ဉာဏ်စမ်းပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ မြန်မာကိုယ်စားလှယ်ကို ကိုရီးယား သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၏ ဂုဏ်ပြုလက်မှတ်ကို မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး မစ္စတာ Bae Byeongsoo က နိုဝင်ဘာလ ၂ ရက်မှာ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း ကိုရီးယားသံရုံး၏ နိုဝင်ဘာလ ၃ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။ ဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲကို ရန်ကုန်မြို့ရှိ ကိုရီးယားသံရုံး၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် KBS တို့ပူးပေါင်းကျင်းပတဲ့ Quiz on Korea နိုင်ငံတကာ ဉာဏ်စမ်းပြိုင်ပွဲအတွက် မြန်မာနိုင်ငံအဆင့်ရွေးချယ်ပွဲကို ဇွန်လ ၂၇ ရက်မှာ ကိုရီးယားသံရုံးက ကျင်းပခဲ့ပါတယ်။ အဆိုပါရွေးချယ်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ မြန်မာကိုယ်စားလှယ်က စက်တင်ဘာလအတွင်း ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ယခုနှစ်ကမ္ဘာ့ပြိုင်ပွဲမှာ နိုင်ငံပေါင်း ၂၃ နိုင်ငံမှ ကိုယ်စားလှယ်များပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အဆင့်ဆင့်ယှဉ်ပြိုင်မှု များအပြီး ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့တဲ့ နောက်ဆုံးပြိုင်ပွဲဝင် ရှစ်ဦးအနက် မြန်မာကိုယ်စားလှယ်က ပထမဆု ဆွတ်ခူး ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ယခုအောင်မြင်မှုက ကိုရီးယားဘာသာစကားနှင့်ယဉ်ကျေးမှုကို လေ့လာနေကြတဲ့ မြန်မာ လူငယ်များအတွက် မျှော်လင့်ချက်နှင့်မိမိကိုယ်ကိုယ်ယုံကြည်မှုတိုးပွားစေမည့် စံနမူနာတစ်ခုဖြစ်လာမည်ဟု မျှော်လင့် ကြောင်း ကိုရီးယားသံရုံးက ထုတ်ပြန်ထားပါတယ်။ (NVS 008)