“ရန်ကုန်ရှိ အမှိုက်ပုံနှစ်ခုတွင် အမှိုက်မှ စွမ်းအင်ထုတ်လုပ်ရန် ကုမ္ပဏီများထံမှ အဆိုပြုလွှာဖိတ်ခေါ်”
03 Nov
ရန်ကုန်မြို့ရှိ ထိန်ပင်နှင့် ထားဝယ်ချောင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံနှစ်ခုတွင် အမှိုက်မှ စွမ်းအင်ထုတ်လုပ်ရေး (Waste to Energy) လုပ်ငန်းများ အကောင်အထည်ဖော်ရန် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လိုသည့် ကုမ္ပဏီများထံမှ အဆိုပြုလွှာများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(YCDC)က ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။ ဆိုပြုလွှာများကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နောက်ဆုံးထား၍ YCDC ၏ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့်သန့်ရှင်းရေးဌာနသို့ တင်သွင်းရမှာဖြစ်ပြီး ပြည်တွင်း၊ ပြည်ပကုမ္ပဏီများ ပါဝင်နိုင်ပါတယ်။ လက်ရှိတွင် ရန်ကုန်မြို့ တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်မှ အမှိုက်တန်ချိန် ၂,၅၀၀ ကျော် သိမ်းဆည်း နေ့စဉ်စွန့်ပစ်လျက်ရှိပြီး လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံသို့ တန်ချိန် ၁,၅၀၀ ခန့်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ ထားဝယ်ချောင်အမှိုက်ပုံသို့ တန်ချိန် ၁,၀၀၀ ခန့် စွန့်ပစ်လျက်ရှိပါတယ်။ အဆိုပါ အမှိုက်ပုံနှစ်ခုတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်နိုင်ရေးအတွက် လုပ်ငန်းစဉ်သုံးမျိုးကို အကောင်အထည်ဖော်ရန် စီစဉ်လျက် ရှိပါတယ်။ အဆိုပြုလွှာတင်သွင်းမည့် ကုမ္ပဏီများအနေနဲ့ ဆောင်ရွက်လိုတဲ့ လုပ်ငန်းအမျိုးအစား၊ ဖြစ်နိုင်ခြေလေ့လာ ဆန်းစစ်မှု(Feasibility Study)ကာလ၊ တည်ဆောက်ရေးကာလ၊ ရင်းနှီးမြှုပ်နှံမှုပမာဏနှင့် အကျိုးတူလုပ်ငန်း ဆောင်ရွက်မည့်သက်တမ်းတို့ကို ဖော်ပြရမှာဖြစ်ပြီး BOT၊ BOO သို့မဟုတ် PPP စနစ်များအနက် အသုံးပြုမည့်စနစ်၊ ပိုင်ဆိုင်မှုနှင့် အကျိုးအမြတ်ခွဲဝေမှု၊ နှစ်စဉ်ပြုပြင်ထိန်းသိမ်းစရိတ်နှင့် ရင်းနှီးမြှုပ်နှံမှု အရင်းကြေကာလတို့ကိုလည်း ထည့်သွင်းတင်ပြရမှာဖြစ်ပါတယ်။ အဆိုပြုလွှာများကို ကုမ္ပဏီ၏အမှတ်တံဆိပ်ပါ စာခေါင်းစီး(Letterhead) ဖြင့် လိုအပ်သည့် စာရွက်စာတမ်းများ ပူးတွဲတင်သွင်းရမှာဖြစ်ပါတယ်။ ဒါ့အပြင် စီမံကိန်းအတွက်လိုအပ်မည့် မြေဧရိယာ၊ အမှိုက်ကုန်ကြမ်းရရှိမှု၊ ရေအသုံးပြုမှု၊ ထုတ်လုပ်ရရှိသည့် စွမ်းအင်ရောင်းချမည့်နှုန်းထားနှင့် ကာဗွန်ခရက်ဒစ်(Carbon Credit) ခွဲဝေမှုဆိုင်ရာ အချက်အလက်များကိုလည်း တင်ပြရန်သတ်မှတ်ထားပါတယ်။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက YCDC မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနသို့ ဖုန်း ၀၉-၅၁၈၇၈၅၄၊ ၀၉-၅၀၄၈၉၃၁ နှင့် ၀၉-၆၈၀၂၄၄၆၀၂ တို့ထံ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါတယ်။ (NVS-004)