“အမေရိကန်ရေတပ်သားတစ်ဦး ထပ်မံဖမ်းဆီးခံရပြီးနောက် စည်းကမ်းပိုင်းဆိုင်ရာ တင်းကျပ်မှုများပြုလုပ်ရန် ဂျပန်နိုင်ငံက အမေရိကန်စစ်တပ်ကိုတောင်းဆို”

03 Nov

အိုကီနာဝါစီရင်စုတွင် အမေရိကန်ရေတပ်သားတစ်ဦးသည် ညမထွက်ရအမိန့် ထုတ်ပြန်ထားချိန်အတွင်း၌ အရက်သေစာသောက်စားမူးယစ်၍ ယာဉ်မောင်းနှင်သည်ဟု စွပ်စွဲခံရကာ ဖမ်းဆီးခံခဲ့ရပြီးနောက် အမေရိကန်ဘက် ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ၎င်းတို့၏ စစ်ဘက်ဆိုင်ရာဝန်ထမ်းများအား စည်းကမ်းတင်းကျပ်ရန် ဂျပန်နိုင်ငံက တောင်းဆိုလိုက်ကြောင်း ကျိုဒိုသတင်းဌာနက နိုဝင်ဘာလ ၂ ရက်၌သတင်းဖော်ပြခဲ့သည်။ အခြားရေတပ်သားတစ်ဦး ပါဝင်ပတ်သက်သည့် လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် အောက်တိုဘာလ ၉ ရက် မှစတင်ကာ အိုကီနာဝါရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ ဝန်ထမ်းများအား ညမထွက်ရအမိန့် ထုတ်ပြန်ထားသော်လည်း ယခုကဲ့သို့ဖြစ်ရပ်မျိုး ထပ်မံဖြစ်ပွားလာခြင်းနှင့်ပတ်သက်၍ အမေရိကန်ဘက်က လေးလေးနက်နက် သဘောထားစေ လိုသည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအိဇုမိ က နိုဝင်ဘာလ ၂ ရက်၌ ပြောကြားခဲ့သည်။ အဆိုပါ အမေရိကန်ရေတပ်သား၏ သွေးတွင်းအရက်ပါဝင်မှုပမာဏမှာ ဥပဒေအရသတ်မှတ်ထားသည့် ပမာဏ ထက် နှစ်ဆကျော် ပိုမိုများပြားနေသည်ကို တွေ့ရှိခဲ့ရပြီးနောက် ၎င်းကို အောက်တိုဘာလ ၃၁ ရက်က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ညမထွက်ရအမိန့် သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ဒေသစံတော်ချိန် နံနက် ၁၂:၂၅ နာရီခန့်က အိုကီနာဝါမြို့တွင်း၌ ယာဉ်မောင်းနှင်နေခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။ အောက်တိုဘာလ ၄ ရက်ကလည်း အိုကီနာဝါစီရင်စုရဲတပ်ဖွဲ့က အသက် ၂၀ နှစ်အရွယ်ရှိ အမေရိကန် ရေတပ်သား ဒီဗင်ဘောလက်ဒ် အား အိုကီနာဝါစီရင်စု မြို့တော်နာဟာမြို့ရှိ ဟိုတယ်တစ်ခုတွင် ဒေသခံအမျိုးသမီး တစ်ဦးကို လုယက်သတ်ဖြတ်ခဲ့သည်ဟူသော သံသယဖြင့် ဖမ်းဆီးခဲ့သည်။ နောက်ပိုင်းတွင် ကီဗင်ဘောလက်ဒ် မှာ လုယက်မှု၊ လူသတ်မှုများဖြင့် တရားစွဲဆိုခံခဲ့ရသည်။ ကိုအိဇုမိ က ရက်ပေါင်း ၃၀ ကြာ ပြန်လည်သုံးသပ်သည့်ကာလအတွင်း စစ်ဘက်ဆိုင်ရာဝန်ထမ်းများအနေဖြင့် သန်းခေါင်ယံမှ နံနက် ၅ နာရီအချိန်အထိ ၎င်းတို့၏နေအိမ်များတွင်သာ နေထိုင်ရမည့် ညမထွက်ရအမိန့်ကို တင်းကျပ်စွာ လိုက်နာဆောင်ရွက်စေရန်နှင့် ထိရောက်သောကြိုတင်ကာကွယ်ရေး အစီအမံများကိုလုပ်ဆောင်ရန် ဂျပန်နိုင်ငံက အမေရိကန်ဘက်သို့ တောင်းဆိုထားသည်ဟုလည်း ပြောကြားခဲ့သည်။ ထို့အတူ ဘောလက်ဒ် ၏ ဖြစ်ရပ်နောက်ပိုင်း ကြိုတင်ကာကွယ်ရေး အစီအမံများနှင့်ပတ်သက်၍ ဆွေးနွေးရန် နှစ်နိုင်ငံအကြား အဆင့်မြင့်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်ဟုလည်း ကိုအိဇုမိ က ဖြည့်စွက်ပြောကြားခဲ့သည်။ “ကျွန်တော်တို့အနေနဲ့ တတ်နိုင်သမျှ အမြန်ဆုံးသဘောတူညီချက်ရရှိပြီး အစီအမံတွေကို ထုတ်ပြန်ကြေညာ ကာ ဒီအစီအမံတွေကိုလည်း လက်တွေ့အကောင်ထည်ဖော်သွားချင်တယ်” ဟု ကိုအိဇုမိ က ပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)

03 Nov

ADVERTISE HERE .