“တိုက်ခိုက်မှုများပြုလုပ်မည်ဟု ထရမ့် က ထပ်မံခြိမ်းခြောက်၊ အီရန်က ပိုမိုကျယ်ပြန့်ပြီး ကြာရှည်မည့်ပဋိပက္ခ ဖြစ်လာနိုင်ကြောင်း သတိပေး”
03 Nov
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အီရန်နိုင်ငံအပေါ် “တစ်ချိန်ချိန်တွင်” တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ် မည်ဟု နိုဝင်ဘာလ ၁ ရက်က ထပ်မံခြိမ်းခြောက်လိုက်သလို တစ်ချိန်တည်းမှာပင် အီရန်စစ်တပ်ကလည်း ပဋိပက္ခ တစ်ခုခု ထပ်မံဖြစ်ပွားလာပါက ယခင်ကထက်ပိုမိုကြာရှည်ပြီး ပိုမိုကျယ်ပြန့်လာနိုင်ကြောင်း သတိပေးပြောကြား လိုက်သည်။ နိုဝင်ဘာလ ၃ ရက်တွင်ကျင်းပမည့် အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲများ မတိုင်မီ အိုင်အိုဝါပြည်နယ်၌ ပြုလုပ်သော လူထုစုဝေးပွဲတစ်ခုတွင် ထရမ့် က ၎င်း၏ထောက်ခံသူများအား “ကျွန်တော်တို့ အီရန်ကိစ္စကို အပြီးမသတ် သေးတာက ကျွန်တော်က သဘောကောင်းချင်လို့ပါ။ ဖြစ်နိုင်ရင် လူအသက်တွေကို ကယ်တင်ချင်လို့ပါ” ဟု ပြောကြား ခဲ့သည်။ ထို့အပြင် “တစ်ချိန်ချိန်မှာတော့ သူတို့ကို ပြင်းပြင်းထန်ထန် တုံ့ပြန်ရလိမ့်မယ်” ဟုလည်း ၎င်းကဆိုသည်။ ယင်းနှင့်ပတ်သက်၍ အီရန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူ Mohammad Akraminia က တုံ့ပြန်ပြောကြားရာတွင် အမေရိကန်ဘက်မှ အီရန်အပေါ် “ရန်လိုမှု” တစ်စုံတစ်ရာ ထပ်မံပြုလုပ်လာပါက “ယခင်ကထက် ပိုမိုကျယ်ပြန့်ပြီး ချက်ချင်းလက်ငင်း ပြတ်သားသည့်တုံ့ပြန်မှု” ဖြင့် ရင်ဆိုင်သွားမည်ဖြစ်ကြောင်း၊ ထိုတုံ့ပြန်မှုမှာ အနောက်အာရှဒေသကို ကျော်လွန်သွားနိုင်ကြောင်း သတိပေးလိုက်သည်။ အီရန်နိုင်ငံပိုင် သတင်းဌာနတစ်ခုဖြစ်သည့် Mehr သတင်းဌာန၏ ဖော်ပြချက်အရ ၎င်းက “အမေရိကန်ရဲ့ အဆောက်အအုံများ၊ စစ်လက်နက်ပစ္စည်းများ၊ ဝန်ထမ်းများနှင့် အကျိုးစီးပွားများသည် မိမိတို့လက်လှမ်းမီရာ နေရာတိုင်းတွင် ပစ်မှတ်ထားခံရနိုင်သည်” ဟု ပြောကြားခဲ့သည်။ ထို့အပြင် ဖြစ်လာနိုင်သည့် ပဋိပက္ခအသစ်သည် ယခင်ပဋိပက္ခထက် “ပိုမိုကြာရှည်နိုင်သည်” ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် အမေရိကန်သတင်းဌာနတစ်ခုဖြစ်သော Axios ၏ နိုဝင်ဘာလ ၁ ရက် ဖော်ပြချက်အရ သမ္မတ ထရမ့် နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု တို့သည် အောက်တိုဘာလ ၃၁ ရက်က ဖုန်းဖြင့် ဆွေးနွေးခဲ့ကြပြီး ထိုဆွေးနွေးမှုအတွင်း နေတန်ယာဟု က ထရမ့် အား “ကြားဖြတ်ရွေးကောက်ပွဲများ ပြီးဆုံးပြီးနောက် ချက်ချင်း” အီရန်ကိုတိုက်ခိုက်ရန် တိုက်တွန်းခဲ့သည်။ သို့သော် ထရမ့် ကမူ ညှိနှိုင်းဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်ခွင့်ပေးလိုသည့် သဘောထားရှိပုံရပြီး၊ ဤချဉ်းကပ်ပုံအပေါ် နေတန်ယာဟု က စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။ အီရန်နှင့်ပတ်သက်၍ အမေရိကန်၏ နောက်ခြေလှမ်းနှင့်ပတ်သက်သည့် မရေမရာအချက်ပြမှုများ ထွက်ပေါ် နေချိန်တွင် ယခုကဲ့သို့သောအခြေအနေများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ အမေရိကန် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် ထံမှ စာတစ်စောင်ကို အောက်တိုဘာလ ၂၉ ရက်က တီဟီရန်က လက်ခံ ရရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အဆိုပါစာကို ဒေါ်နယ်ထရမ့် ၏ညွှန်ကြားချက်ဖြင့် ပေးပို့ခဲ့ခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ပြန်လည်စတင်ရန် တိုက်တွန်းထားသည်။ ဤစာပါ အမေရိကန်ဘက်၏ သဘောထား အပြောင်းအလဲကို အီရန်နိုင်ငံက “ကောင်းမွန်သော လက္ခဏာတစ်ခု”အဖြစ် သတ်မှတ်ပြောဆိုခဲ့သည်။ သို့သော် The Wall Street Journal ၏ဖော်ပြချက်အရ အမေရိကန်စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီး များသည် အောက်တိုဘာလ ၂၉ ရက်က ဒေါ်နယ်ထရမ့် အား အီရန်နှင့်ပတ်သက်သည့် ဖြစ်နိုင်ခြေရှိသော ရွေးချယ်စရာ နည်းလမ်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။ ထို့အပြင် အမေရိကန်နိုင်သည် ပါရှန်ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံအချို့ကိုလည်း ကြားဖြတ်ရွေးကောက်ပွဲများပြီးနောက် အီရန်နိုင်ငံအပေါ် ပြင်းထန်သော်လည်း ကြာမြင့်ချိန်တိုတောင်းမည့် စစ်ရေးလှုပ်ရှားမှုတစ်ခု ဖြစ်လာနိုင်ခြေရှိသည့်အတွက် ကြိုတင်ပြင်ဆင်ထားရန် တိုက်တွန်းခဲ့ကြောင်း သတင်းများကဆိုသည်။ အောက်တိုဘာလ ၃၁ ရက်က ထွက်ပေါ်လာသည့် ကြေညာချက်တစ်ခုတွင် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် မိုဂျတာဘာ ခါမေနီ က စစ်ဘက်ဆိုင်ရာ အဆင့်မြင့်တပ်မှူးကြီးများအား ညွှန်ကြားချက်တစ်ခုပေးခဲ့ပြီး ယင်းညွှန်ကြား ချက်တွင် “ရန်သူများ” ဘက်မှ မည်သည့်ပုံစံ၊ မည်သည့်အတိုင်းအတာဖြင့် ခြိမ်းခြောက်မှုမျိုး ပေါ်ပေါက်လာစေကာမူ၊ ပထဝီဝင်နယ်နိမိတ် ကန့်သတ်ချက်များမထားရှိဘဲ “ချက်ချင်းလက်ငင်းနှင့် ထိရောက်သော” တုံ့ပြန်မှုမျိုး ပြုလုပ်နိုင်ရန် သေချာစေရေးပါဝင်သည်။ ဖေဖော်ဝါရီလ ၂၈ ရက်တွင် အစ္စရေးနှင့် အမေရိကန်ပြည်ထောင်စုတို့သည် တီဟီရန်မြို့နှင့် အခြားအီရန်မြို့ကြီး များအား ပူးတွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။ အီရန်ဘက်ကလည်း ၎င်းကို တုံ့ပြန်သည့်အနေဖြင့် ဒုံးကျည်များနှင့် ဒရုန်းများအသုံးပြုကာ အစ္စရေးနှင့် ဒေသတွင်းရှိ အမေရိကန်စစ်စခန်းများ၊ ပိုင်ဆိုင်မှုများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး၊ တစ်ချိန်တည်းမှာပင် ဟော်မုဇ်ရေလက်ကြားအပေါ် ၎င်း၏ထိန်းချုပ်မှုကို ပိုမိုတင်းကျပ်ခဲ့သည်။ (Repost from Xinhua Myanmar)