“စက်မှုကျွမ်းကျင်လူငယ်ပညာရှင်များ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး ဒုတိယဝန်ကြီး တိုက်တွန်း”

03 Nov

နိုင်ငံ၏ စက်မှုနှင့်စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ကျကျ အထောက်အကူပြုနိုင်မည့် စက်မှုကျွမ်းကျင်လူငယ်ပညာရှင်များကို အရည်အသွေးစံနှုန်းများနှင့်အညီ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်ကြရန် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ အမှတ်(၃)စက်မှု သင်တန်းကျောင်း (သာဂရ) သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ သင်တန်းသားများကို စက်မှုကျွမ်းကျင်မှုများ လက်တွေ့အသုံးချနိုင်စေရန် လေ့ကျင့်ပျိုးထောင်ပေးရေး၊ သင်တန်းပြီးဆုံးပါက စက်ရုံ၊ အလုပ်ရုံများနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSMEs) များမှာ ချက်ချင်းဝင်ရောက်လုပ်ကိုင်နိုင်တဲ့အထိ ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားပေးရေးတို့ကိုလည်း မှာကြားခဲ့ ပါတယ်။ ဒါ့အပြင် သင်တန်းသားများကို နိုင်ငံချစ်စိတ်ရှိစေရန်နှင့် သင်တန်းဆင်းပြီးနောက် နိုင်ငံ၏ စက်မှုကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ပါဝင်ဆောင်ရွက်နိုင်စေရန် ပျိုးထောင်ပေးသွားရန်လည်း တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။ အမှတ်(၃)စက်မှုသင်တန်းကျောင်း(သာဂရ)မှာ စက်မှုကျွမ်းကျင်ဘာသာရပ် ငါးမျိုးကို စာတွေ့ ၃၀ ရာခိုင်နှုန်း နှင့် လက်တွေ့ ၇၀ ရာခိုင်နှုန်းအချိုးဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။ စက်မှုကျွမ်းကျင် တစ်နှစ်pသင်တန်း အမှတ်စဉ် (၁) မှ (၁၅) အထိ သင်တန်းဆင်းလူငယ် စုစုပေါင်း ၁,၇၂၀ ဦးကို မွေးထုတ်ပေးခဲ့ပြီး ၎င်းတို့အနက် ၉၃ ဒသမ ၆ ရာခိုင်နှုန်းခန့် အလုပ်အကိုင်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ စက်မှုကျွမ်းကျင် တစ်နှစ်သင်တန်းသို့ အသက် ၁၈ နှစ်ပြည့်ပြီး ၂၅ နှစ်ထက်မကျော်လွန်သူများ၊ Grade 12 တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ခြင်းမရှိပေမယ့် ဝင်ရောက်ဖြေဆိုဖူးသူများ လျှောက်ထားတက်ရောက် နိုင်ကြောင်း သိရပါတယ်။ (NVS 008)

03 Nov

ADVERTISE HERE .