“ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးမှာ စာကြည့်တိုက်ဥပဒေမူကြမ်း တင်သွင်း”
03 Nov
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၆) ပထမနေ့ကို နိုဝင်ဘာလ ၂ ရက် နံနက် ၁၀ နာရီမှာ တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ရှမ်းပြည်နယ် စာကြည့်တိုက်ဥပဒေ(မူကြမ်း)ကို တင်သွင်းခဲ့ကြောင်း သိရပါတယ်။ အစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးမှာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ က ရှမ်းပြည်နယ်စာကြည့်တိုက်ဥပဒေ (မူကြမ်း)ကို ဖတ်ကြားတင်သွင်းခဲ့ပြီး ဥပဒေမူကြမ်းနှင့်ပတ်သက်၍ ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ပါတယ်။ အဲဒီနောက် အစည်းအဝေးပထမနေ့ကို ရပ်နားခဲ့ပြီး ဒုတိယနေ့အစည်းအဝေး ကျင်းပမည့်ရက်နှင့်အချိန်ကို ထပ်မံအကြောင်းကြားသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါအစည်းအဝေးသို့ ကျိုင်းတုံမြို့မှ ဒေါ်နန်းကျောက်နှင့် အဖွဲ့ဝင်သုံးဦးလည်း လာရောက် လေ့လာခဲ့ပါတယ်။ (NVS 008)