“သက်တမ်း ၁၅ နှစ်ပြည့် CNG ဆလင်ဒါအိုးများ နိုဝင်ဘာ ၁၅ ရက် နောက်ဆုံးထား လဲလှယ်ရမည်”
03 Nov
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေတဲ့ CNG ယာဉ်များတွင် တပ်ဆင်အသုံးပြုထားသော သက်တမ်း ၁၅ နှစ် ပြည့် CNG ဆလင်ဒါအိုးများကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက် နောက်ဆုံးထား၍ အသစ်လဲလှယ်တပ်ဆင်ပြီး သတ်မှတ်စစ်ဆေးမှု ခံယူကြရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေးကြေညာထားပါတယ်။ သက်တမ်းကျော်လွန်နေတဲ့ CNG ဆလင်ဒါအိုးများကို အသစ်လဲလှယ်တပ်ဆင်ခြင်းမရှိတဲ့ယာဉ်များကို သဘာဝဓာတ်ငွေ့ ဝယ်ယူခွင့်ပိတ်သိမ်းသွားမယ်လို့ သိရပါတယ်။ ဆလင်ဒါအိုးအသစ် လဲလှယ်တပ်ဆင်ပြီး မော်တော် ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနမှာ လာရောက်စစ်ဆေးမှု ခံယူပြီးမှသာ CNG ဝယ်ယူခွင့် ပြန်လည်ခွင့်ပြုပေးမှာ ဖြစ်ပါတယ်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့(CNG)က သဘာဝဓာတ်ငွေ့ကို လေထုဖိအား၏ အဆ ၂၀၀ နဲ့ ဖိသိပ်သိုလှောင်ထားတဲ့ ဖိအားမြင့်ဓာတ်ငွေ့ဖြစ်ပါတယ်။ ဒါကြောင့် ဆလင်ဒါအိုးနှင့် ဆက်စပ်ပစ္စည်းများ ချို့ယွင်းပျက်စီးပါက ပေါက်ကွဲမှုဖြစ်ပွားနိုင်ပြီး ပတ်ဝန်းကျင်ရှိ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်စေနိုင်ပါတယ်။ CNG ယာဉ်များ၏ ဆလင်ဒါအိုးနှင့် ဆက်စပ် ပစ္စည်းများ ဘေးကင်းလုံခြုံမှုရှိ၊ မရှိကို နှစ်စဉ်စစ်ဆေးပေးလျက် ရှိပြီး စစ်ဆေးမှုအောင်မြင်တဲ့ ယာဉ်များကိုသာ CNG အသုံးပြုခွင့်စာအုပ်နှင့်ကတ်များ ထုတ်ပေးကာ သဘာဝဓာတ်ငွေ့ ဝယ်ယူခွင့်ပြုထားကြောင်း သိရပါတယ်။ ဒါ့အပြင် CNG Retest Factory မှာ ဆလင်ဒါအိုး ထုတ်လုပ်တဲ့နှစ်မှ သက်တမ်း ၅ နှစ် ပြည့်ပါက ပထမအကြိမ်၊ ၁၀ နှစ်ပြည့်ပါက ဒုတိယအကြိမ် စစ်ဆေးမှုခံယူစေပြီး သက်တမ်း ၁၅ နှစ်ပြည့်ပါက သတ်မှတ် စံချိန်စံညွှန်းများအရ သက်တမ်းလွန် (Reject)အဖြစ် သတ်မှတ်ကာ ဆလင်ဒါအိုးအသစ်ဖြင့် လဲလှယ်တပ်ဆင် အသုံးပြု စေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေး အဆင်ပြေချောမွေ့ စေရန်နှင့် ခရီးသွားလာမှုစရိတ် သက်သာစေရန် ရည်ရွယ်၍ CNG ကို တစ်ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနဲ့ ရောင်းချပေးလျက်ရှိပါတယ်။ သို့ဖြစ်၍ CNG ယာဉ်ပိုင်ရှင်များအနေနဲ့ သက်တမ်း ၁၅ နှစ်ပြည့်ပြီးသော ဆလင်ဒါ အိုးများကို နိုဝင်ဘာလ ၁၅ ရက်မတိုင်မီအသစ်လဲလှယ်တပ်ဆင်ပြီး မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနသို့ လာရောက် စစ်ဆေးမှု ခံယူကြရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။ (NVS 008)