“တရုတ်(တိုင်ပေ)တွင် စစ်မှုထမ်းကင်းလွတ်ခွင့် စည်းမျဉ်းများပြင်ဆင်ကာ တပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ရန်စီစဉ်”
03 Nov
တရုတ်(တိုင်ပေ)အစိုးရသည် စစ်မှုထမ်းကင်းလွတ်ခွင့်ဆိုင်ရာ စည်းမျဉ်းများကို တင်းကျပ်ပြင်ဆင်လိုက်ပြီး ယင်းပြောင်းလဲမှုကြောင့် နှစ်စဉ်စစ်မှုထမ်းအင်အား ထောင်နှင့်ချီတိုးမြှင့်နိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရ သည်။ အဆိုပါ စည်းမျဉ်းအသစ်အရ ကိုယ်ခန္ဓာထုထည်ညွှန်းကိန်း (BMI) ၄၅ ထက်ကျော်သူများနှင့် အရပ်အမြင့် ၁၄၄ စင်တီမီတာအောက်ရှိသူများသာ ကိုယ်ခန္ဓာအခြေအနေအရ စစ်မှုထမ်းကင်းလွတ်ခွင့် ရရှိနိုင်မည်ဖြစ်သည်။ ယခင်က BMI ၃၅ ထက်ကျော်သူများနှင့် အရပ်အမြင့် ၁၉၆ စင်တီမီတာကျော်သူများသာ ကင်းလွတ်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် သွေးတိုးရောဂါရှိသူများအနေဖြင့် အလယ်အလတ်အဆင့် သို့မဟုတ် ပြင်းထန်အဆင့်ရှိရုံဖြင့် ကင်းလွတ်ခွင့်မရရှိတော့ဘဲ နှလုံး၊ ကျောက်ကပ် သို့မဟုတ် သွေးကြောများတွင် ထိခိုက်ပျက်စီးမှုရှိကြောင်း သတ်မှတ်နိုင်မှသာ ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။ ယင်းအခြေအနေကို ဆေးရုံတက်ရောက်စစ်ဆေးပြီး ၂၄ နာရီဆက်တိုက် သွေးပေါင်ချိန်တိုင်းတာမှုဖြင့် အတည်ပြုရမည် ဖြစ်သည်။ တရုတ်(တိုင်ပေ)ပြည်ထဲရေးဌာန၏ ခန့်မှန်းချက်အရ စစ်မှုထမ်းကင်းလွတ်ခွင့်ရသူ နှုန်းသည် လက်ရှိ ၁၆ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းအထိ ကျဆင်းလာနိုင်သည်။ တစ်နှစ်လျှင် စစ်မှုထမ်းအင်အား ၄,၅၀၀ ခန့်နှင့် အစားထိုးအမှုထမ်းအင်အား ၂,၇၀၀ ခန့် တိုးလာနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။ အစားထိုး အမှုထမ်းစနစ်ကိုလည်း ကိုယ်ခန္ဓာကြံ့ခိုင်မှုအလိုက် အဆင့်နှစ်မျိုး ခွဲခြားသတ်မှတ်မည်ဖြစ်ကြောင်း SCMP သတင်း ဌာနဖော်ပြချက်အရ သိရသည်။