“ပြင်သစ်နိုင်ငံတွင် ကျောင်းသားဆန္ဒပြပွဲများ ပြန်လည်ဖြစ်ပွား”
03 Nov
ပြင်သစ်နိုင်ငံတွင် နှစ်ပတ်ကြာကျောင်းပိတ်ရက် ကုန်ဆုံးပြီးနောက် ကျောင်းသားများ ကျောင်းပြန် တက်ချိန်၌ အထက်တန်းကျောင်းသားများ၏ဆန္ဒပြပွဲများပြန်လည်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ သို့သော် ဆန္ဒပြသူအင်အားသည် ယခင်သီတင်းပတ်များထက်သိသိသာသာ လျော့နည်းသွားကြောင်း သတင်းဌာနများက ဖော်ပြထားသည်။ နိုဝင်ဘာလ ၂ ရက်နံနက် ၈ နာရီခွဲအထိ နိုင်ငံတစ်ဝန်းရှိ အထက်တန်းကျောင်း ၄၁ ကျောင်းတွင် ဆန္ဒပြပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းပမာဏသည် တစ်နိုင်ငံလုံး၌ရှိသော အထက်တန်းကျောင်း စုစုပေါင်း ၏ ၁ ရာခိုင်နှုန်း ခန့်သာရှိကြောင်း ပြင်သစ်ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ပဲရစ်၊ မာဆေးနှင့် ရန်းမြို့တို့တွင် ကျောင်း ဝင်ပေါက်များကို ပိတ်ဆို့ရန်ကြိုးပမ်းမှုများလည်း ရှိခဲ့သည်။ စက်တင်ဘာလအတွင်း ပဲရစ်မြို့ဆင်ခြေဖုံးဒေသများမှစတင်ခဲ့သည့် ဆန္ဒပြလှုပ်ရှားမှုသည် နောက်ပိုင်းတွင် နိုင်ငံတစ်ဝန်းသို့ ပျံ့နှံ့ပြီးကျောင်းအဆောက်အအုံများပြုပြင်ပေးရေး၊ ဆရာအင်အားတိုးမြှင့်ပေးရေး၊ တက္ကသိုလ် ဝင်ခွင့်နေရာများတိုးချဲ့ရေးနှင့် လူမှုရေးအရ မျှတမှုမရှိဟုယူဆရသည့် တက္ကသိုလ်ဝင်ခွင့်စနစ် ပြောင်းလဲရေးတို့ကို တောင်းဆိုကြသည်။ ထို့ပြင် လူနေမှုစရိတ်မြင့်တက်မှုအပေါ် မကျေနပ်ချက်များလည်း ပါဝင်လာသည်။ အစိုးရက စာသင်ခန်းတစ်ခန်းလျှင် ကျောင်းသား ၂၈ ဦးသာ ထားရှိရေး၊ ကျောင်းများပြုပြင်ရန် ယူရို ၄ ဘီလီယံသုံးစွဲရေးနှင့် အဆင့်မြင့်ပညာရေးအတွက် နေရာ ၁၅,၀၀၀ တိုးချဲ့ရေးတို့ကို ကတိပြုထားသော်လည်း ကျောင်းသား ကိုယ်စားလှယ်များက အဆိုပါအစီအစဉ်များသည် မလုံလောက်သေးကြောင်းပြောပြီး ဆန္ဒပြမှုများ ဆက်လက် ပြုလုပ်သွားမည်ဟု ကြေညာထားကြောင်း RTA သတင်းဌာနဖော်ပြချက်အရ သိရသည်။