“ပဲခူးတိုင်းဒေသကြီးအတွင်း ငါးသယံဇာတ မပြုန်းတီးစေရေး ဘက်ထရီရှော့တိုက် ငါးဖမ်းသူများကို ဥပဒေအတိုင်း အရေးယူမည်”

02 Nov

ပဲခူးတိုင်းဒေသကြီးအတွင်း ငါးသယံဇာတ ပေါများစေရေးနှင့် ငါးမျိုးစိတ်များ ပြုန်းတီးမှုမရှိစေရန်အတွက် ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးသူများကို ဥပဒေအတိုင်းပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။ ငါးသယံဇာတ ပေါများရေးအတွက် ငါးမွေးမြူရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ စနစ်တကျဆောင်ရွက်လျက် ရှိသလို ငါးမွေးမြူရေးကန်များအတွင်း ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးခြင်း မပြုလုပ်ကြရန် အသိပညာပေး ပိုစတာ များစိုက်ထူခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ကျေးရွာများအရောက် အသိပညာပေးဟောပြောပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါတယ်။ ငါးသယံဇာတများ ပိုမိုတိုးပွားလာစေရန် ပြည်ထောင်စု၏ လျာထားချက်အတိုင်း တိုင်းဒေသကြီးနှင့်ပြည်နယ် များ အလိုက် ငါးသားဖောက်ခြင်းလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိပါတယ်။ ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝမြေချောက်အိုင်များနှင့် ငါးမွေးမြူရေးကန်များမှာ တားမြစ်ထားတဲ့ ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးမှုများ စစ်ဆေးတွေ့ရှိပါက ငါးလုပ်ငန်းဥပဒေအရထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီး ဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ (NVS 008)

02 Nov

ADVERTISE HERE .