“ဆားဗီးယားနိုင်ငံမှာ ပထမဆုံးဗုဒ္ဓစေတီတော်အဖြစ် ကပ်ကျော်ဘုရားကို အနေကဇာတင်ပူဇော်”

02 Nov

ဆားဗီးယားသမ္မတနိုင်ငံတွင် ပထမဆုံးဗုဒ္ဓစေတီတော်အဖြစ် ငြိမ်းချမ်းရေးစေတီတော်(Peace Pagoda) ကပ်ကျော်ဘုရား အနေကဇာတင်ပူဇော်ပွဲကို အောက်တိုဘာလ ၃၁ ရက်က ကျင်းပခဲ့ကြောင်း သိရပါတယ်။ ဘုရားတည်ဖြစ်ရန် သဲဖြူဆရာတော်ကြီးမှ အမိန့်ရှိတဲ့အတိုင်း အလှူရှင် ဦးမင်းအောင်ခန့် မိသားစုနှင့် ကပ္ပတိန် အောင့်မြင့်မိုး မိသားစုတို့မှ လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင်အင်္ဂလန် ငြိမ်းချမ်းရေးစေတီဒါယကာ ဦးခင်ထွန်း နှင့် အခြားအလှူရှင်များလည်း ထီးတော်တင်ပွဲအတွက် အလှူရှင်များအဖြစ် ပါဝင်ခဲ့ကြပါတယ်။ အဆိုပါ အနေကဇာတင် ပူဇော်ပွဲသို့ အောက်စ်ဖို့ဒ်ဆရာတော်၊ ဆားဗီးယားနိုင်ငံ Oxford Buddha Vihara မှ အရှင်သုနန္ဒ၊ ဆားဗီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသန်းထွေးနှင့် အိန္ဒိယသံအမတ်ကြီးတို့ တက်ရောက်ခဲ့ကြ ပါတယ်။ ဒါ့အပြင် ဆားဗီးယားနိုင်ငံ ထေရဝါဒဗုဒ္ဓဘာသာအသိုင်းအဝိုင်း (Theravada Buddhist Community of Serbia) မှ Branko နှင့် ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ဝင် သုံးဆယ်ခန့်လည်း တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားမှာ အောက်စ်ဖို့ဒ်ဆရာတော်က ဆားဗီးယားလူမျိုးများကို မုဒိတာတရားဟောကြားခဲ့ပါတယ်။ ဆားဗီးယားနိုင်ငံမှာ Oxford Buddha Vihara Serbia ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းကို ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၇ ရက်က ဖွင့်လှစ်ခဲ့ပြီး ထေရဝါဒဗုဒ္ဓဘာသာ သာသနာပြန့်ပွားရေးနှင့် တရားအားထုတ်မှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS 008)

02 Nov

ADVERTISE HERE .