“အယ်လ်နီညိုဖြစ်စဉ်၏ သက်ရောက်မှုများကိုကိုင်တွယ်ရန် ဘိုလီဗီးယားနိုင်ငံ၌ အရေးပေါ်အခြေအနေ ကြေညာ”

02 Nov

အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများကို ကိုင်တွယ် ဖြေရှင်း နိုင်ရန် ဘိုလီဗီးယားသမ္မတ ရိုဒရီဂိုပါ့ဇ်က နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေကြေညာသည့် အမိန့်တစ်ရပ်ကို နိုဝင်ဘာ လ ၁ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ နိုင်ငံ၏ ဒေသအများအပြားတွင် ဖြစ်ပွားနေသည့် မိုးခေါင် ရေရှားမှုကို ကိုင်တွယ်ဖြေရှင်းရန်နှင့် လာမည့်လများအတွင်း ဖြစ်ပေါ်လာနိုင်သည့် ရေကြီးရေလျှံမှုများ အတွက် ကြိုတင်ပြင်ဆင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သမ္မတပါ့ဇ်က ပြောကြားခဲ့သည်။ ယင်းအစီအမံသည် ငွေကြေးနှင့် လူ့စွမ်းအားအရင်းအမြစ်များကို စုစည်းအသုံးချနိုင်ရန်၊ အစိုးရဌာနများ အကြား ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်နှင့်ဘေးဒဏ်သင့်မိသားစုများကို ကူညီထောက်ပံ့နိုင်ရေး အတွက် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုရှာဖွေရန် ရည်ရွယ်ကြောင်း ၎င်းကဆိုသည်။ ထို့ပြင် ရာသီဥတုဆိုင်ရာ သဘာဝဘေးအန္တရာယ်များကြောင့် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှုနှင့် စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုများကို လျှော့ချရန်လည်း ရည်ရွယ်ထားကြောင်း သိရသည်။ လက်ရှိတွင် ဘိုလီဗီးယားနိုင်ငံ၌ ဒေသခံလူမှုအသိုက်အဝန်း ၆၃ ခုသည် မိုးခေါင်ရေရှားမှုဒဏ်ကို ခံစားနေရပြီး မွေးမြူရေးကဏ္ဍတွင်လည်း တိရစ္ဆာန်အစာ ရှားပါးမှုပြဿနာနှင့် ရင်ဆိုင်နေရကြောင်း သမ္မတပါ့ဇ်က ပြောကြားခဲ့သည်။ နိုင်ငံ၏ပြည်နယ်ကိုးခုအနက် ပြည်နယ်ခြောက်ခုရှိ မိသားစု ၈၀,၀၀၀ နီးပါးသည် ရေပြတ်လပ်မှု ဒဏ်ကို ခံစားခဲ့ရပြီး မိုးခေါင်ရေရှားမှုကြောင့် မွေးမြူရေးတိရစ္ဆာန်ကောင်ရေ ၇၅,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ အယ်လ်နီညိုသည် အီကွေတာပစိဖိတ်သမုဒ္ဒရာ၏ အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသများရှိ ပင်လယ်ရေ မျက်နှာပြင်အပူချိန် ပုံမှန်ထက်မြင့်တက်လာသည့် ရာသီဥတုဖြစ်စဉ်တစ်ခုဖြစ်ပြီး ကမ္ဘာ့ဒေသအများအပြားတွင် ပုံမှန်မဟုတ်သော ရာသီဥတုပြောင်းလဲမှုများကို ဖြစ်ပေါ်လေ့ရှိကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

02 Nov

ADVERTISE HERE .