“မုန်တိုင်းငယ်၏အရှိန်ကြောင့် နေရာကွက်၍ မိုးကြီးနိုင်”
01 Nov
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်နှင့် နီကိုးဘားကျွန်း တို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)၏ အရှိန်ကြောင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားရှိပါတယ်။ အဆိုပါမုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းသို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်တောင်ဘက် ရေမိုင် ၄၀၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၄၃၀ မိုင်ခန့်နှင့် မာချီလီပတ္တနမ်မြို့ (Machilipatnam)၏ အရှေ့တောင်ဘက် ရေမိုင် ၄၇၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရပါတယ်။ ၎င်းမုန်တိုင်းငယ်၏အရှိန်ကြောင့် ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် နေရာစိပ်စိပ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါကာ ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း ထုတ်ပြန်ထားရှိပါတယ်။ မိုးတိမ်တောင်ဖြစ်ပေါ်မှုအနေနဲ့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်း ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း သိရပါတယ်။(NVS 008)