“ပြည်‌ထောင်စုနယ်မြေ နေပြည်တော်အတွင်း မြို့ပြအင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာစေရေး အကောင်အထည်ဖော် တည်ဆောက်နေမှုများအား နိုင်ငံတော်သမ္မတ လိုက်လံကြည့်ရှုစစ်ဆေး”

01 Nov

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် အောက်တိုဘာလ ၃၁ ရက် နံနက်ပိုင်းတွင် ဒုတိယသမ္မတ ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်အောင်စန်း နှင့် ဦးမျိုးသန့်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မြို့ပြအင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာစေရေး အကောင်အထည်ဖော် တည်ဆောက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ နိုင်ငံတော်သမ္မတက နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်အဝင် လမ်းသစ်ဖောက်လုပ်နေမှုနှင့် အဆိုပါ လမ်းသစ်ပေါ်ရှိ ရုံးပင်ချောင်းတံတား တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ပါတယ်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက နိုင်ငံ‌တော်၏ မြို့တော်သို့ ဝင်ရောက်သည့်လမ်းကြောင်း တစ်ခုဖြစ်လို့ လမ်းတံတားများ တည်ဆောက်ရာတွင် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာဖြင့် အဆင့်မီမီ တည်ဆောက်ပြီးစီးနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ လမ်းတံတားများအား အနာဂတ်တွင် တိုးတက်ဖြစ်ပေါ် လာနိုင်မည့် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်အသုံးပြုလာမှုများအပေါ် မူတည်ထည့်သွင်း တွက်ချက် ၍လည်း တည်ဆောက်သွားရန်လိုကြောင်း၊ ဝင်လမ်းထွက်လမ်းများနှင့် ပတ်သက်၍လည်း ဘက်ပေါင်းစုံမှ ထည့်သွင်း စဉ်းစား၍ တည်ဆောက်သွားရန်လိုကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး တံတားများနှင့်လမ်းများ ကြံ့ခိုင်မှုရှိစေရေး၊ လမ်းပခုံးမြေသားနံရံများ စနစ်တကျဖြစ်စေရေး အတွက်လည်း ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ လမ်းဘေးဝဲယာတစ်လျှောက် အရိပ်ရလေကာပင်များနှင့် အမြဲစိမ်းသစ်ပင်များ စိုက်ပျိုးသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါတယ်။ ထို့နောက် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရာဇသင်္ဂဟလမ်းကြောင်းတစ်လျှောက် မော်တော် ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး နေပြည်တော် ပြည်သူ့ရင်ပြင်နှင့် ပြည်ထောင်စုဂုဏ်ပြုဗိမာန် တည်ဆောက်ရေးလုပ်ငန်းခွင်များသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရပါတယ်။(NVS 008)

01 Nov

ADVERTISE HERE .