“အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားဖျက်သိမ်းရေး သဘောတူညီချက်ကို ထပ်မံအတည်ပြု”
01 Nov
အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့က မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက် သုံးနိုင်ငံ၏ ခိုင်မာသောရပ်တည်ချက်တစ်ခုကို အောက်တိုဘာလ ၃၁ ရက်တွင် ထပ်မံ အတည်ပြုလိုက်ကြောင်းသိရသည်။ ယင်းကြေညာချက်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် တို့ကြား ဆွေးနွေးပွဲဖြစ်လာနိုင်ခြေကို စောင့်ကြည့်နေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုကျွန်း နှင့် ဂျပန် နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆု မိုတဲဂီ တို့သည် အောက်တိုဘာလ ၃၀ ရက်တွင် အမေရိကန်နိုင်ငံ ဂျော်ဂျီယာ ပြည်နယ် အတ္တလန်တာမြို့တွင် ပြုလုပ်သည့် G20 အစည်းအဝေး၏ ပြင်ပ၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။ အဆိုပါသုံးနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်အစီအစဉ်များကို အကောင် အထည်ဖော်နိုင်စေရေးအတွက် ဝင်ငွေရရှိစေသည့် လုပ်ငန်းများကို တားမြစ်ထားသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို အပြည့်အဝလိုက်နာ ဆောင်ရွက်သွားရန်လည်း ကတိပြုသည်။ အမေရိကန်သမ္မတ ထရမ့် သည် လာမည့်လတွင် တရုတ်နိုင်ငံ၌ကျင်းပမည့် APEC ထိပ်သီးအစည်းအဝေး အတွင်း ကင်ဂျုံအွန် နှင့်တွေ့ဆုံရေး စိတ်ဝင်စားကြောင်း အကြိမ်ကြိမ်ထုတ်ဖော်ပြောထားသည်။ သို့သော် မြောက်ကိုရီးယားက နျူကလီးယားလက်နက် ဖျက်သိမ်းရေးကို ဆက်လက်ငြင်းဆိုထားပြီး ၎င်း၏ နျူကလီးယားလက်နက် ပိုင်ဆိုင်မှုကို အမြဲတမ်းနှင့် ပြောင်းလဲ၍မရသော အခြေအနေအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။