“ပြည်ပနိုင်ငံများမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေများ ဗဟိုဘဏ်မှတစ်ဆင့် မှန်ကန်စွာ ဝင်ရောက်နိုင်ရေး အစည်းအဝေးကျင်းပ”
31 Oct
ပြည်ပနိုင်ငံများရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေများ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တစ်ဆင့် မှန်ကန်စွာဝင်ရောက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။ အစည်းအဝေးသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ဒုတိယဝန်ကြီး ဦးမျိုးအောင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ Authorized Dealer- AD လိုင်စင်ရ ပုဂ္ဂလိကဘဏ်များ၊ Remittance Business License-RBL လိုင်စင်ရ ငွေလွှဲလုပ်ငန်းများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြည်ပရောက် မြန်မာအလုပ်သမားများက ၎င်းတို့၏မိသားစုထံသို့ လွှဲပို့ငွေများကို တရားဝင်လမ်းကြောင်းမှ မှန်ကန်စွာဝင်ရောက်နိုင်မည့် စနစ်တစ်ခုတည်ဆောက်နိုင်ရေး အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်သားများ၏ မိသားစုလွှဲပို့ငွေများကို မိမိဆန္ဒအလျောက် တရားဝင်ဘဏ်လမ်းကြောင်း များမှတစ်ဆင့် စနစ်တကျလွှဲပို့နိုင်ရေး အခြားနိုင်ငံများတွင်လည်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(Certificate of Identity-Cl)ထုတ်ပေးရေးစခန်း ငါးခုကို အောက်တိုဘာလ ၁၄ ရက်မှ စတင်ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပြီး CI စာအုပ် လာရောက်လျှောက်ထားသည့် အလုပ်သမားများ၏ အနည်းဆုံးဝင်ငွေခွန် တစ်နှစ်စာနှင့် မိသားစုလွှဲပို့ငွေ သုံးလစာလွှဲပို့ထားသည့် အထောက်အထား များကို စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ CI လာရောက်ပြုလုပ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစု လွှဲပို့ငွေများကို True Money၊ 2C2P Wave K+Bank၊ Karsikorn Bank၊ Dee Money အစရှိသည့် ငွေလွှဲလုပ်ငန်းများမှ လွှဲပို့ထားသည်ကိုတွေ့ရှိရပြီး ငွေလွှဲအထောက်အထားများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ပေးပို့၍ သက်ဆိုင်ရာ ဌာနမှ ဆက်လက်စိစစ် ဆောင်ရွက်သွားမှာဖြစ်လို့ သက်ဆိုင်ရာ A.D လိုင်စင်ရဘဏ်များနှင့် RBL လိုင်စင်ရ ငွေလွှဲ လုပ်ငန်းများအနေဖြင့် မိမိတို့နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် ပြည်ပငွေလွှဲလုပ်ငန်းများအပေါ် အမျိုးသားအကျိုးစီးပွားအဖြစ် အလေးထား၍ ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားခဲ့ပါတယ်။(NVS 008)