“အင်ဒိုနီးရှားကုန်စည်ပြပွဲ ၂ဝ၂၆ (Indonesia Expo 2026) ဖွင့်ပွဲကျင်းပ”
31 Oct
အင်ဒိုနီးရှားကုန်စည်ပြပွဲ ၂၀၂၆(Indonesia Expo 2026)ဖွင့်ပွဲကို အောက်တိုဘာလ ၃၀ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ Novotel Max Yangon ဟိုတယ်၌ ကျင်းပခဲ့ပါတယ်။ အဆိုပါပြပွဲကို အောက်တိုဘာလ ၃၀ ရက်နှင့် ၃၁ ရက် နှစ်ရက်တာ ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံမှ UMFCCI၊ MRCCI အပါအဝင် ပုဂ္ဂလိကကဏ္ဍမှ ပြခန်း ၂၀၊ အင်ဒိုနီးရှားနိုင်ငံမှ လေကြောင်းပို့ဆောင်ရေး၊ ဘဏ်လုပ်ငန်း၊ ပညာရေး၊ ရိုးရာပါတိတ်အထည်နှင့် အဝတ်အထည်လုပ်ငန်း၊ စွမ်းအင်၊ ဓာတ်မြေဩဇာ၊ လူသုံးကုန်ပစ္စည်းများ၊ ဆေးဘက်ဆိုင်ရာကိရိယာများနှင့် ဆေးဝါးလုပ်ငန်းများအပါအဝင် ပြခန်း ၄၀ နှင့် စုစုပေါင်းပြခန်း ၆၀ တို့ကို ပြသလျက်ရှိပါတယ်။ ဖွင့်ပွဲအခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ က ယခုကုန်စည်ပြပွဲသည် မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှု များ ပိုမိုတိုးတက်ခိုင်မာလာစေရန်၊ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအကြား ကုန်သွယ်မှုနှင့် ကုန်ထုတ်လုပ်မှု နည်းပညာများ ဖလှယ်ရန်၊ အပြန်အလှန်ဆက်ဆံမှုနှင့် ယုံကြည်မှုများ တိုးမြှင့်လာစေရန်အတွက် အရေးပါသော အခွင့် အလမ်းတစ်ရပ်ဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် ထုတ်ကုန်အရည်အသွေးမြှင့်တင်ရေး၊ ကုန်သွယ်မှုကွန်ရက်များ တိုးမြှင့်ရေးတို့သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောကဏ္ဍများဖြစ်ကြောင်း၊ အနာဂတ်တွင် နှစ်နိုင်ငံစီးပွားရေး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု များကို ပိုမိုနီးကပ်စွာ လက်တွဲဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)