“တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့၏ လေကြောင်းရန်ကာကွယ်ရေး ပူးတွဲစစ်ရေးလေ့ကျင့်မှု မြောက်ကိုရီးယား ဝေဖန်ပြောကြား”
31 Octတောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့၏ လေကြောင်းရန်ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုများကို မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဝေဖန်ပြောကြားထားကြောင်း ကေစီအင်န်အေသတင်းဌာနက သတင်းထုတ်ပြန်ခဲ့သည်ဟု RT သတင်းဌာနက ဖော်ပြထားသည်။ တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့၏ လေကြောင်းရန်ကာကွယ်ရေး လေ့ကျင့်မှုကြောင့် ကိုရီးယား ကျွန်းဆွယ်ဒေသ၌ တင်းမာမှုများ မြင့်တက်လာနိုင်ကြောင်း မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြား ထားသည်။ ထို့ပြင် အမေရိကန်နိုင်ငံနှင့် သစ္စာခံတပ်များ၏ စစ်ရေးခြိမ်းခြောက်မှုများကို ထိရောက်စွာ ကိုင်တွယ်နိုင်စွမ်း ရှိရေးအတွက် စစ်ရေးအရံအတားကို ဆက်ထိန်းထားနိုင်ရန် မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နည်းလမ်းမှန်သမျှအသုံး ချမည်ဖြစ်ကြောင်း အဆိုပါကြေညာချက်၌ သတိပေးထားသည်။ တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့သည် ဖရီးဒမ်းဖလက်ဂ် လေကြောင်းရန်ကာကွယ်ရေး စစ်ရေး လေ့ကျင့်မှုများကို အောက်တိုဘာလ ၂၆ ရက်တွင် စတင်ပြုလုပ်ခဲ့သည်။ ဖရီးဒမ်းဖလက်ဂ် လေကြောင်းရန် ကာကွယ်ရေး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လာမည့်နိုဝင်ဘာလ ၆ ရက်ထိ ပြုလုပ်ရန်စီစဉ်ထားကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် တောင်ကိုရီးယားလေတပ်မှ အက်ဖ် ၃၅ အေ တိုက်လေယာဉ်များနှင့် အမေရိကန်မရိန်းတပ်ဖွဲ့မှ အက်ဖ် ၃၅ ဘီ တိုက်လေယာဉ်များ ပါဝင်ကြောင်းသိရသည်။